Episode 5 : : I keep making the same mistake.
.........................
" အမယ်လေး။ သေပါပြီ။ မောလိုက်တာ။ "
အသက် ၇၀ ကျော် လူအိုကြီးတစ်ယောက်၏ ငြီးသံမျိုးနှင့် ဆင်တူသော ငြီးသံက အနီးအနားမှာ ကွေ့ဝိုက်ထွက်ပေါ်လာပြီး ...၊ မျက်နှာချင်းဆိုင်က ထိုင်ခုံအလွတ်ပေါ် ဘုန်းခနဲ ဝင်ထိုင်ချလိုက်သည့် ခန္ဓာကိုယ်။
ဒီနေ့လည်း သူ့မျက်မှောင်တွေ တွန့်တွန့်ချိုးချိုး ကျုံ့ရပြန်ပြီ။ ကြိုတင် အသိပေးခြင်း မရှိဘဲ ဘာကြောင့် သူ ရှိနေတဲ့ နေရာတိုင်းကို ဒီလူက ဒီလိုမျိုး ရုတ်တရက် ရောက်ရောက်လာသလဲ ဆိုတာ နည်းနည်းလေးမှ နားမလည်တာလည်း အမှန် ဖြစ်သည်။ အဲဒီနေ့၊ Ah-young တို့အိမ်ကို ရောက်သွားတဲ့နေ့က သူ့ကိုယ်ပေါ်မှာ သူ မသိအောင် GPS စက် တစ်ခုခု ခိုးတပ်ပေးလိုက်တာရော မဖြစ်နိုင်ဘူးလား ...။
" ကျွန်တော် ဒီနေ့ ဒီမှာ ချိန်းထားတာ Ah-young နဲ့နော်။ ခင်ဗျားနဲ့ မဟုတ်ဘူး။ "
" ငါ သိတယ်။ ခဏလေး။ "
ဝဝလင်လင် မရှိုက်သွင်းနိုင်သော လေတွေဟာ အခုထိ ရင်ဘတ်ထဲ အပြည့် မရောက်သေးလို့ ဟောဟဲလိုက်နေရင်းကပဲ လက်တစ်ဖက် ကာပြသည်။ "အသက် အရင် ရှူပါစေ၊ စကားကို နောက်မှ ပြောခိုင်း" ဆိုသည့် ဟန်။
" ဘာဖြစ်လို့ အဲဒီလောက် မောနေတာလဲ။ "
ရင်ဘတ်ပေါ်ကို လက်နှင့် တင်းတင်း ဖိကာ ခေါင်းငုံ့ထားပုံက မကြာခင် တကယ်ပဲ အားအပျက်လွန်ပြီး မူးမေ့လဲတော့မလိုလို။ မနေနိုင်ဘဲ ထုတ်ပါ မေးမိသည်အထိ အဲဒီလူ အမူအရာက အဲဒီလောက် ပုံပျက်နေခြင်း ဖြစ်၏။
မေးနေတာကို မဖြေခင် ချထားတဲ့ ရေဖန်ခွက်ကို အရင် ဆွဲယူကာ ထိုလူက တစ်ကြိုက်တည်း မော့သောက်သည်။ အဲ့ဒါ စောစောကလေးတင် သူ တစ်ငုံ သောက်ထားပြီးတဲ့ ရေ။ ဒါပေမယ့် တစ်ဖက်လူဟာ ရေခွက်ကို နှုတ်ခမ်းဝတွင် တေ့လိုက်ပြီးပြီ ဖြစ်ပြီး ရေတွေကလည်း လည်ချောင်းထဲ စီးဆင်းကျသွားနှင့်ပြီ ဖြစ်တဲ့အတွက် ဘာမှ စောဒက တက်မနေဘဲ သူ ငြိမ်ပဲ ငြိမ်နေလိုက်တော့သည်။" ငါ အိမ်ကနေ ဒီအထိ တောက်လျှောက် ပြေးလာတာ။ "
" ဗျာ။ "