နယ်မြို့လေးရဲ့ညနေဆည်းဆာက မြို့ပြတွေထက်လှပတယ်ဆိုတာ အမှန်ပဲထင်ရဲ့။ ဆည်းဆာရောင်လေးရယ် အိမ်ပြန်လမ်းကိုဦးတည်နေတဲ့ ဟိုတစ်စဒီတစ်စ အထက်တန်းကျောင်းသားလေးတွေရယ်၊ အိပ်တန်းတက်ငှက်ငယ်လေးတွေရယ် သာယာဖွယ်အတိ။
သို့ပေမဲ့ ထိုအလှအပတွေကို အာရုံမရနိုင်တဲ့ စီနီယာအထက်တန်းကျောင်းသားလေး ၃ယောက်ရှိလေတယ်။
"မင်းနဲ့ စကားမပြောချင်တော့ဘူး!!"
"လမ်းခွဲမယ် အခုချက်ချင်း!"
ရှောင်းကျန့်က စိတ်ဆိုးမာန်ဆိုးအော်ပြောတယ်။
"အေး..ငါကလည်း မင်းနဲ့နှစ်ခါပြန်တောင် လမ်းခွဲလိုက်ဦးမယ်"
ရိပေါ်ကလည်း လေသံမာမာနဲ့ပြန်ပြောတယ်။
ကျိုးချန်ကတော့ မျက်နှာသေနဲ့ သူ့နဲ့မဆိုင်သလိုနေနေတယ်။ တကယ်လည်း ကျိုးချန်နဲ့ လုံးဝလုံးဝမှ မဆိုင်ပါဘူး။
ဖြစ်ပုံကဒီလို ညနေကျောင်းဆင်းချိန်ကို ရှောင်းကျန့်က ဂိမ်းဆိုင်ဝင်ချင်တယ်။ ဒါပေမဲ့ ရိပေါ်ကမလိုက်ပေးဘူး။ လပတ်စာမေးပွဲနီးပြီမို့ သူ့အိမ်ကို စာလိုက်လုပ်ဖို့ပြောတယ်။ ဒါပေမဲ့ ရှောင်းကျန့်က လက်မခံဘူး။ အဲ့လိုကနေ ဒီအခြေအနေဖြစ်သွားတာပဲ။
ကျိုးချန်ကရော ဒီအခြေအနေမှာ ဝင်ပြီးဖြန်ဖြေပေးဖို့အစီအစဉ်ရှိသလားဆိုတော့ နိုးပါ။ လုံးဝကိုမရှိပါဘူး။
သူ့မှာ ဒီအတွဲနဲ့ ငယ်သူငယ်ချင်းဖြစ်နေရတာကိုက တော်တော့်ကိုဝဋ်ကြီးလှပါပြီ။ ဒီထက်ပိုပြီးလည်း ဝဋ်ကြွေးမပါချင်တော့ပါဘူး။
ပါးပါးကို စက်ဘီးဝယ်ခိုင်းထားပေမဲ့ အခုထိမဝယ်ပေးသေးတာကြောင့်လည်း သူ့မှာ ကျောင်းသွားကျောင်းပြန် ဒီအတွဲရဲ့နားဒုက္ခပေးတာကိုခံနေရတယ်။
"ဟေ့ကောင် ကျိုးချန်..မင်းကတော့ငါနဲ့လိုက်မှာမလား"
ရှောင်းကျန့်က ရိပေါ်နားကော်လိုကပ်နေရာကနေ အခုတော့ ကျိုးချန်ဘေးရောက်လာတယ်။ ဆိုတော့ ကျိုးချန်က သူ့တို့အတွဲရဲ့အလယ်မှာ။
"မင်းကောင်နဲ့သာ သွားစမ်းပါ"
"ဟွန့်..သူနဲ့ လမ်းခွဲလိုက်ပြီ"