Episode 6 : : Divin' into the sea of 'you' .
.........................
မုန့်ထုတ် တစ်ထုတ်နှင့်အတူ ကျွန်တော့်ဘေး ဝင်ထိုင်လာသည့် Ah-young ရဲ့ ပထမ ရည်ရွယ်ချက်က တီဗီ ကြည့်ဖို့ ဆိုပေမယ့်၊ အရှေ့တည့်တည့်က တီဗီဆီ အကြည့် မရောက်ခင်မှာ သံသယမျက်လုံးများဖြင့် ကျွန်တော့်ဘက်ကို စိမ်းစိမ်းဝါးဝါး အရင် ရှူစား၏။
ကျွန်တော် အစကတော့ မသိချင်ယောင် ဆောင်နေကြည့်ဦးမလို့ပါ။ သို့သော် စိတ်အနှောင့်အယှက် ဖြစ်လာစေသည်အထိ Ah-young မျက်လုံးစူးစူးတွေက ကျွန်တော့်ကိုယ်ပေါ် ထိုးဖောက်နေတာ မရပ်တော့တာမို့ မျက်နှာကို သုန်မှုန်ပစ်လိုက်ပြီး ဘေးသို့ ဆတ်ခနဲ လှည့်ကြည့်ဖြစ်သွားသည်။
" ဟေ့။ ဘာဖြစ်နေတာလဲ။ အခန်းထဲက စားပွဲခုံမှာ ပိုက်ဆံအိတ် တင်ထားတယ်။ မုန့်ဖိုးလိုချင်ရင် တက်ယူ။ "
" ကိုကို့အင်္ကျီက ... "
တကယ်တော့ Ah-young မျက်လုံးတွေက ကျွန်တော့်ဆီမှာ တိုက်ရိုက် ရှိနေတာ မဟုတ်ဘဲ၊ စောစောကတည်းက ကျွန်တော် ဝတ်ထားသော အင်္ကျီပေါ်၌ ရှိနေခဲ့ခြင်း ဖြစ်သည်။
Ah-young အပြောကို ကြားမှ ကျွန်တော် ဝတ်ထားမိတာ ကျွန်တော့်အင်္ကျီ မဟုတ်မှန်း ရုတ်တရက် သတိရသွားသည်။ ဘယ်သူ့အင်္ကျီကို ဝတ်ထားသလဲဆိုတော့ ဟိုကောင်လေးအင်္ကျီ။ တိတိကျကျ ပြောရလျှင် ဟိုတစ်နေ့က ကော်ဖီဆိုင်မှာ ကျွန်တော်တို့တွေ အင်္ကျီချင်းအလဲအလှယ် လုပ်ရင်း ကျွန်တော် ရလာခဲ့တဲ့ ကောင်လေးရဲ့ အပြာရောင် အားကစားဂျက်ကက်။" ဒီအင်္ကျီ အစ်ကို Nam-woo ဝတ်တာ တွေ့ဖူးသလိုပဲ။ နေဦး။ "
Ah-young လက်များဟာ ကျွန်တော့်ကျောနားအထိ နီးကပ်လာပြီးနောက် ..၊ အင်္ကျီကျောဘက်မှ စာတန်းများအား ရှင်းရှင်း မြင်ရအောင် မနှောင့်မနှေး ဖယ်ကြည့်တော့သည်။ "တက္ကသိုလ် ဘတ်စကတ်ဘော အသင်း၊ သင်္ချာမေဂျာ၊ ကျောနံပါတ် ၂၈၊ Woo-hyun Nam" အစရှိသည့် စာလုံးတိုင်း စာလုံးတိုင်းကို ရေရေရာရာ မြင်သွားပြီးချိန်မှာ Ah-young မျက်လုံးတွေ ဝိုင်းခနဲ ကျယ်လာရင်း ကျွန်တော့်ဆီ တွေတွေဝေဝေ တစ်ခေါက် ပြန်ငေး၏။
YOU ARE READING
Less Ice, More Sugar - Side Story (Completed)
Fanfictionso, how do you define "love" ?