"ရှောင်းကျန့်ရဲ့ အချိန်မှန်ရထားကလေးလာပြီဟေ့..."စိုက်ခင်းမြေဆွနေရင်း လှည့်ကြည့်လိုက်တော့ ဖြူအုအုအရိပ်ဖျော့ကလေးက စိုက်ခင်းမြေဘောင်မှာ ငုတ်တုတ်ကလေးထိုင်ပြီး ရှောင်းကျန့်ကို စိုက်ကြည့်နေပြီ။ ဘာတစ်ခွန်းမှ မပြောသလို နှုတ်ဆက်လာတာလဲမရှိ။ မြေဘောင်ပေါ်မှာ ငုတ်တုတ်ကလေးထိုင် ဒူးကို လက်ကလေးနှစ်ဖက်နဲ့ ပိုက်လို့ ခေါင်းကလေးစောင်း လက်ပေါ်မေးတင်ပြီး ရှောင်းကျန့်ကို လာကြည့်တတ်တဲ့ ဒီကောင်ကလေး။
တနေကုန် ငြိမ်ငြိမ်ကလေးထိုင်ကြည့်ပြီးရင် ပြန်သွားတတ်တဲ့ ဒီ ဖူးဖူးအုအုကလေးက သူအခုအလုပ်လုပ်နေတဲ့ ဝမ်အိမ်က ရင်နှစ်သည်းချာကလေး ဝမ်ရိပေါ်။ တကယ့်ကို နုနုထွေးထွေးကလေးမို့ ဝမ်အိမ်တော်မှာ နေမထိလေမထိ ထားတဲ့ သခင်ငယ်လေးက နေ့တိုင်း စိုက်ခင်းကို လာနေတာ ရှောင်းကျန့်အလုပ်စဝင်ကတည်းက ခုထိဆို သုံးလကျော်ခဲ့ပြီ။
ထမင်းစားချိန်ဆို နေပူပူထဲ လမ်းလျှောက်ပြန်တတ်လို့ သူတို့သခင်လေး နေပူထိမှာစိုးတဲ့ ဝမ်အိမ်က အခုဆို ထမင်းချိုင့်ပါ လိုက်ပို့နေရတဲ့အနေအထား။ နေအရမ်းပူလာရင်တောင် သူထိုင်နေတဲ့ နေရာလေးကနေမခွာတတ်လို့ ရှောင်းကျန့်ကပဲ...အင်း ရှောင်းကျန့်ကပဲ ဒီ ထွေးထွေးအုအုကလေးကို သူထိုင်နေတဲ့အတိုင်း အလုံးလိုက်ကလေး ပွေ့လို့ သစ်ပင်ရိပ်အောက်ရွှေ့ရတယ်။ တပါးသူအထိမခံနိုင်တဲ့ မွှေးမွှေးပျံ့ပျံ့ကလေးက ရှောင်းကျန့်က ချွေးတလုံးလုံးနဲ့ ကောက်ပွေ့ရင်လဲ မျက်လုံးကလေး ဝိုင်းသွားတာကလွဲရင် ချထားတဲ့အရိပ်အောက်မှာ လိမ်လိမ်မာမာကလေး။
ညနေခင်းအလုပ်သိမ်းလို့ ရှောင်းကျန့်ပြန်တော့ အနောက်ကနေ ငြိမ်ငြိမ်ကလေးပဲ လိုက်လာပြန်တာ...။ စိုက်ခင်းတစ်ခုလုံးက အလုပ်သမားတွေ ဝိုင်းစနေလဲ သူ့ကို ရည်ရွယ်တာ မဟုတ်လေသလို မာနကြီးကြီးနဲ့အလှကလေးက ရှောင်းကျန့်အနားကပ်လာရင်တော့ အရည်လဲ့လဲ့မျက်လုံးကလေးတွေ ဝိုင်းလို့ ကြည့်တတ်တယ်။ ရှောင်းကျန့်က ဘာရည်ရွယ်ချက်ပါလဲလို့ တကူးတကမေးခွန်းမထုတ်ပဲ ဒီအတိုင်းသာ ထားပါတယ်။ တကယ်ကိုပဲ ကြွယ်ဝသူတွေနဲ့ မပတ်သတ်ချင်တာအမှန်။