Episode 13 : : How was your day today? Didn't you miss me?
.........................
" Ah-young ရေ။ "
သူ့ခေါ်သံကို မကြားတာလား ကြားဟန်ဆောင်ဖို့ သတိမရတာလား မသိ၊ နီးနီးကလေးကနေ ကပ်ခေါ်တာတောင် Ah-young က သူရှိရာဆီ လှည့်မကြည့်လာခဲ့ပေ။
မနက်တိုင်း Morning Call တစ်ခု ပေးရင်း Ah-young ကို သူ ဖုန်းဆက်နှိုးနေကျ ဆိုပေမယ့် ဒီနေ့တော့ သူကိုယ်တိုင် အိပ်ရာထနောက်ကျခဲ့လို့ ပထမဆုံးအတန်းချိန်တောင် လွတ်သွားခဲ့တဲ့ အခြေအနေ။ ထူးဆန်းစွာနဲ့ပါပဲ။ ည ၁၁ နာရီတုန်းက သူဟာ အိပ်ပျော်သွားခဲ့ပြီး မနက် ၉ နာရီ ခွဲမှ နိုးလာခဲ့သည်တဲ့လေ။ ပိုပြီး ထူးဆန်းတာကတော့ ထို အံ့ဩစရာအဖြစ်အပျက်အတွက် အိပ်ဆေးကူစရာလည်း မလိုခဲ့တာပါပဲ။" Ah-young။ "
Ah-young ရဲ့ပုခုံးလေးကို အနောက်ကနေ လက်ညှိုးနှင့်လှမ်းထိပြီး သူ ပြုံးပြမှ Ah-young က သူ့ဆီ ဖျတ်ခနဲ လှည့်ငေးလာ၏။
" ဪ၊ အစ်ကို။ ဆောရီး အစ်ကို။ ညီမ Group Presentation အကြောင်း စဉ်းစားနေတာနဲ့ အစ်ကို လှမ်းခေါ်တာ မကြားလိုက်တာ။ ဟီး။ "
" အင်း။ အင်း။ ရတယ်။ အခု အိမ်ပြန်မှာလား။ အိမ်က လာမကြိုသေးရင် ကိုယ် ဆိုင်ကယ်နဲ့ လိုက်ပို့ပေးချင်တယ်။ "
" ဟုတ်။ အိမ်က လာတော့ကြိုမှာ အစ်ကို။ ဒါပေမယ့်။ ... "
အိမ်က လာကြိုမည့် ကားကို မလာတော့ဖို့ ဖုန်းဆက်ပြီး ပြန်လွှတ်လိုက်ရကောင်းမလားဟု Ah-young က တစ်အောင့် ငြိမ်ကာ စဉ်းစားနေဟန်ပေါ်သည်။
Ah-young ကို ပြုံးကြည့်နေရင်းက ပီပြင်မနေတဲ့ သူ့အပြုံးတွေဟာ တစ်စတစ်စ ပျောက်ရှလို့ သွားသည်။
သူဟာ ဒီလို အခြေအနေတွေ ဖြစ်လာမည်မှန်း မသိခဲ့စဉ် ဟိုးအရင်ကတည်းက Ah-young ကို သက်သက် အသုံးချနေမိတာနဲ့ တူလို့ သူ့ကိုယ်သူ မလုံမလဲ၊ Ah-young အပေါ် အပြစ်လုပ်ထားတဲ့ ခံစားချက်က အမြဲလိုလို ဝင်နေခဲ့တာ။
အခုတော့ ပိုဆိုးသည်။
အခုချက်ချင်းပင် Ah-young ကို ဦးညွှတ်တောင်းပန်လိုက်ချင်ပြီဟု ရူးကြောင်ကြောင်ဖြင့်ပင် စဉ်းစားနေမိတဲ့အထိ။
ဖြူစင် ရိုးသားသော ဒီမိန်းကလေးငယ်လေးအပေါ် မလုပ်သင့်တဲ့ လုပ်ရပ်မျိုး၊ မလုပ်သင့်တဲ့ အမှားမျိုးကိုမှ သူဟာ ထပ်ခါတလဲလဲ ကျူးလွန်နေမိတာဖြစ်သည်။
သူ့လောက် ဆိုးတဲ့ လူမျိုး ဒီကမ္ဘာပေါ်မှာ ထပ်ရှိနိုင်ပါဦးမလား။