Episode 14 : : The answer.
.........................
တစ်ကိုယ်လုံး ဖြူနေသည့် Hamster က နားရွက်ဖျားလေး နှစ်ဖက်တွင်သာ ခဲနက်ရောင် သမ်းနေ၏။ နေကြာစေ့ကို ငုံထားတာကြောင့် ဖောင်းကားပြည့်ဖောင်းနေသော ပါးစောင်တွေ တလှုပ်လှုပ်ဖြစ်နေပုံကို ကြည့်ပြီး သူ နှစ်ခြိုက်စွာ ပြုံးမိသည်။
အစာ အလုံအလောက် ထည့်ပေးပြီးပြီလား ဟု စစ်ဆေးပြီးနောက်မှာ ကျောပိုးအိတ်ကို သူ ကောက်လွယ်လိုက်သည်။ မနက်ဖြန် နှစ်ဝက်စာမေးပွဲ ရှိသည်။ ဘာလိုလိုနှင့် သူတောင်မှ တတိယနှစ် ရောက်လာပြီဖြစ်၏။ ဒီနှစ်ဝက်စာမေးပွဲပြီးလျှင် နှစ်ပတ်နီးပါး နားရမည်။ အဲ့ဒါပြီးလျှင်တော့ နောက်ထပ် လေးလခန့် ဒုတိယနှစ်ဝက် ဆက်တက်။ ထိုသို့ တွေးကြည့်ပြန်တော့လည်း နောက်ဆုံးနှစ်ရောက်ဖို့တောင် ဘယ်လောက်မှ မလိုတော့သလို ထင်ရသည်။
ဒီနေ့တော့ စာကြည့်တိုက်မှာ ညလုံးပေါက် သူ နေဖြစ်မည်။ အိပ်ငိုက်လျှင် ငုံထားလို့ရအောင် ပူရှိန်းသကြားလုံးတွေလည်း အများကြီး သယ်သွားဦးမှ တော်ကာကျပါမည်။ နေကြာစေ့ စား၍ ဝသွားသော Hamster က Spinner ထဲ ကြိုးစားပမ်းစား ဝင်ပြေးနေသည်ကို သူ တစ်ချက် လှမ်းကြည့်တုန်းမှာ သူ့ဘောင်းဘီနောက်အိတ်တွင် ရှိသည့် ဖုန်းက မြည်လာသည်။ ဖုန်းကို ထုတ်ကြည့်လိုက်တော့ မျက်နှာပြင်မှာ ပေါ်လာတဲ့ နာမည်က "အစ်ကို Sung-gyu"။
ဖုန်းမဖြေခင် လည်ချောင်းကို တစ်ချက် နှစ်ချက် သုံးချက် အရင် ရှင်းရသေးသည်။ ပြီးမှ အိုဗာဖြစ်လွန်းသော ကိုယ့်အပြုအမူကို ကိုယ် ရှက်သွားသည်။
အခန်းထဲမှာ သူနှင့်အတူ ရှိနေသည်က လှောင်အိမ်ထဲက Hamster တစ်ကောင်တည်း ဖြစ်၍ တော်တော့ တော်ပါသေးသည်။ နောက်ပြီး Hamster ကလည်း သူ့ဟာသူ Spinner ထဲ ပတ်ပြေးနေလို့ သူ့ဘက် အာရုံ လုံးလုံး ရှိမနေမှာ သေချာသည်။
" ဟယ်လို။ "
" ဟိုင်း။ Woo-hyun။
အစ်ကိုပါ။
မနက်ဖြန် စာမေးပွဲ စဖြေရမှာနော်။ ဟုတ်တယ်မလား။ "ဒီလူ့အသံက အမြဲတမ်း သွက်သွက်လက်လက်၊ မြူးမြူးထူးထူးပါ။
ဒီလူ မှိုင်တွေနေတာကို သူ မြင်ဖူးတာဆိုလို့ အဲ့ဒီလူ Poland မသွားခင် နောက်ဆုံးညက သူတို့ရပ်ကွက်က ဘတ်စကတ်ဘောကွင်းထဲ သူ့အားကစားဂျက်ကက်ကို ဝတ်ပြီး လာထိုင်နေတုန်းက တစ်ခေါက်ပဲ ရှိလိမ့်မည် ထင်သည်။
အဲ့ဒီနောက်မှာ ဒီလူနှင့် ဝေးကွာသွားခဲ့တာ ၁၃ လ။
ဒီလိုပြောလျှင် ရယ်ရမလားတော့ မသိပေမယ့် အဲ့ဒီလူ သူ့အနားမှာ အရင်လို ရစ်သီရစ်သီ မရှိတော့မှဘဲ သူ ဘာကို လိုချင်ခဲ့သလဲ ဆိုတဲ့ အမှန်တရားက ပိုပြီး ထင်ရှားလာခဲ့တာ ဖြစ်သည်။
YOU ARE READING
Less Ice, More Sugar - Side Story (Completed)
Fanfictionso, how do you define "love" ?