Happy Thadingyut 1/ Unicode

975 71 26
                                    

ကောင်းကင်က ညိုပါသည်ဟု တပ်အပ်ပြောမရသော်လည်း နေရောင် မရှိတော့။ အလိပ်အလိပ်သော တိမ်စိုင်များကသာ အာကာတစ်ခွင်တစ်ပြင်လုံး ဖုံးအုပ်ထားပြီး အစပျိုးသော လေပြည်မှာ ခြံ၀န်းအနှံ့ အေးစိမ့်စိမ့်လေး တိုက်ခတ်လာ၏။ ခြံစည်းရိုးမှ ဝါးကိုင်းများက တရှဲရှဲမြည်လာပြီး ခြောက်သွေ့နေသော သစ်ရွက်ဟောင်းများက မြေပြင်ပေါ် တရဟော ကျဆင်းလာသည်။

အောက်ဘက်ဆင်းထိုင်နေရင်းမှ မိုးရိပ်မိုးသံကို ကြည့်ရင်း၊ နားထောင်ရင်း ပက်လက်ကုလားထိုင်ပေါ်မှ ဦးသာဦး ထလိုက်သည်။ မိုးရွာတော့မှာ သေချာသည်။ များမများမပြောတတ်သော်လည်း ပုံစံက ရွာမည့်ပုံပင်။

"ခမ်း ဘာတွေ လှမ်းထားသေးလဲ။ မိုးရွာမယ်ထင်တယ်"

ခမ်းထံမှ တုံ့ပြန်သံမကြားရ။ နောက်ဖေးဘက်ဆင်း၍ အ၀တ်ရုတ်သွားသည် ဖြစ်ရပေမည်။ ကုလားထိုင်ကို အိမ်ရှေ့အမိုးအောက် သွင်းလိုက်ပြီး ခေါင်းရင်းဘက်ရှိ ငရုတ်သီးဗန်းများအား သွားယူလိုက်၏။ မနေ့က ငရုတ်သီး‌ခြောက်သည်ထံမှ ဈေးသက်သာသဖြင့် ၀ယ်ထားခဲ့ပြီး ဒီနေ့တော့ အစိုမပြန်စေရန် ပြန်လှမ်းထားခြင်းဖြစ်သည်။ ခမ်းက အစပ်သိပ်မစားသော်လည်း သူကတော့ ကြိုက်သည်။ ကပြားဖြစ်နေသည့် သားကလည်း ကြိုက်သည်။

အရင်ကတော့ ငရုတ်သီး၀ယ်လျှင် ခဏလေးကုန်တတ်သော်လည်း ယခုတော့ သားမရှိ၍ သူတစ်ယောက်တည်း စားနေရ၏။ ထို့ကြောင့် အရင်လို များများ၀ယ်မိလျှင် မကုန်တာမို့ မှိုကတက်တတ်သည်။ ထိုအခါ ခမ်းက ပွစိပွစိ ပြောတော့၏။

"မိုးကတော့ ကြီးမယ့်ပုံပဲ အစ်ကိုရေ။ အုန်းပင်ကိုင်းတွေကို ပြားနေတာပဲ"

နောက်ဖေးတံခါးကို ပိတ်ပြီးနောက် သူ့ကို‌‌ပြောရင်း ခမ်းက အိမ်ရှေ့သို့ ထွက်လာသည်။ ရုတ်လာသည့် အ၀တ်များအား တစ်ခါထဲ မီးပူတိုက်မည့်ပုံရ၏။ သင်ဖြူးတစ်ချပ်ကို ကြမ်းပြင်ပေါ် ခင်းရင်း ပြောင်းပြန်လှန်ထားသော အ၀တ်များအား အတည့်ပြန်လုပ်နေသည်။

"ပလ္လင်ဆေးမိုးပဲ ရွာမှာပေါ့။ ဒါမှ မီးထွန်းချိန်ကျ နေသာမှာ"

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now