သူကားကို ခြံထဲကွေ့လိုက်ပြီဆိုထဲက Tuplic အနီရဲရဲတွေက တစ်ခြံလုံးပြည့်ဖူးပွင့်နေတာတွေ့ရသည်။
မေမေက Tuplic ကိုမှ အနီရဲရဲကိုရွေးကြိုက်သည်။ အချစ်အတွက် သီးသန့်ကိုယ်စားပြုတဲ့ဒီTuplic အနီရဲရဲတွေက ဖေဖေတစ်ယောက်ထဲအပေါ်ထားတဲ့ မေမေ့ရဲ့ အချစ်တွေကိုသက်သေပြသည့်အနေနှင့် မေမေက မြတ်မြတ်နိုးနိုးစိုက်ခဲ့သည်။ခြံဝန်းတစ်ခုလုံး အချိန်မရွေး Tuplic ပန်းတွေရဲနေအောင်မေမေက ဂရုစိုက်၏။
‘Believe me ’ငါ့ကိုယုံကြည်ပါတဲ့။
ဖေဖေ့အပေါ်ထားတဲ့ မေမေ့သစ္စာတရားတွေက ဖေဖေ့အတွက်တော့ အကန်းဖြစ်သွားပုံပင်။
ရင်နာရပါတယ် မေမေ။
မေမေဆုံးလို့တစ်နှစ်ပြည့်မှာ အလုပ်သမားကို မေမေ့နေရာမှာအစားထိုးလ်ိုက်တဲ့ထိ ဖေဖေ့လုပ်ရပ်က ရက်စက်လွန်းလှ၏။လွန်ခဲ့တဲ့ခြောက်နှစ်လုံးလုံး ဒီလိုမျိုး Tuplic တွေရဲနေအောင်ပွင့်ဖို့ တစ်စုံတစ်ယောက်က မေမေ့အစားဂရုစိုက်ခဲ့ပုံပင်။ဘယ်သူလဲ?
ဟိုမိန်းမလား! ပန်းမကြိုက်တဲ့ဖေဖေကတော့ဒီပန်းတွေအတွက် သီးသန့်အချိန်ပေးဖို့ဆိုတာမဖြစ်နိုင်။ ဟိုမိန်းမဆိုရင်တော့...သူကျေးဇူးတင်နေစရာဘာအကြောင်းမှမရှိ။ မေမေ့နေရာ ၀င်ယူပေမယ့် အလုပ်သမားကအလုပ်လုပ်တာဖြစ်သင့်သည်။
သူအိမ်ထဲ၀င်ထဲက အိမ်တစ်အိမ်လုံး Tuplic ပန်းတွေဝေနေအောင် ပန်းအိုးမှန်သမျှအကုန်ထိုးထားတာဖြစ်သည်။
မေမေရှိတုန်းကအငွေ့အသက်တွေပြန်ရလာ၏။ခြံထဲကပန်းတွေကိုဖြတ်လို့ ပန်းအိုးမှာလှလှလေးဖြစ်အောင်အမျိုးမျိုးပြင်ထိုးတတ်တာမေမေ့ဝါသနာဖြစ်သည် ။ခြံထဲစ၀င်ထဲက မေမေ့ကိုပိုတမ်းတလာရသည်။လွန်ခဲ့တဲ့ရှစ်နှစ်ကအတိုင်း ဒီခြံကြီးတစ်ခုလုံးကပြောင်းလည်းမသွား။နေရာတိုင်းမှာမေမေ့ပုံရိပ်တွေ တွေ့ရနေပါသလိုလို။
အဲဒီပုံရိပ်ယောင်အားလုံးဟာ အိမ်ထဲ၀င်၀င်ချင်း ဟိုမိန်းမရဲ့အသံကြားရုံနဲ့ ကြေမွသွားတာဖြစ်သည်။