အပိုင်း - ၅၂ { ဗလာနတ္ထိမှသည် တစ်ခုခုရှိလာအောင် ဖန်တီးခြင်း }

3.3K 705 67
                                    

အပိုင်း - ၅၂

{ ဗလာနတ္ထိမှသည်
တစ်ခုခုရှိလာအောင် ဖန်တီးခြင်း }

ဥပုသ်စောင့်တည်ခြင်းကာလ ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ အေးမြသောဆောင်းရာသီသည်လည်း လျင်မြန်စွာ ဖြတ်သန်းလွန်မြောက်သွားခဲ့သည်။ သုံးလတိတိ တိတ်ဆိတ်ငြိမ်သက်ခဲ့ရသော နန်းမြို့တော်မှာ နွေးထွေးသော ဖူရုံခန်းဆီးစများကြား အဆိုအကများဖြင့် ပြန်လည်သက်ဝင်လာခဲ့သည်။ ဝမ့်ယွဲ့မြစ်ကမ်းတွင်လည်း အလင်းရောင်များဖြင့် လင်းဖြာလာခဲ့သည်။ ဆည်းဆာချိန်တွင် ရွာချလာသော နွေဦးမိုးစက်များက အအေးဓာတ်များအား နှင်ထုတ်လိုက်ခဲ့သည်။ မက်မွန်ပွင့်များ၏ ရနံ့ကလည်း ထုံသင်းမွှေးပျံ့နေလို့။ အဝတ်များမှာ မိုးစိုရုံသာဖြစ်ကာ ရွှဲနစ်မသွားခဲ့ပါ။ စိမ်းမြမြမိုးမခနွယ်ထက်တွင် မြူခိုးများ အုံ့ဆိုင်းနေလို့၊ အရပ်မျက်နှာတိုင်းဝယ် ပန်းမာလာမျိုးစုံဖြင့် လန်းဖြာလှပနေခဲ့သည်။

နန်းမြို့တော်တွင် ခရီးသွားဧည့်သည်များ လည်ပတ်သွားလာနေခဲ့ကာ သူတို့၏ စိတ်နှလုံးသားများကို အမောဖြေနေခဲ့သည်။ ဘာကိုမှ တွေးတောခြင်းမပြုတော့ဘဲ နွေးထွေးသောလေပြည်နှင့် ကျော့ရှင်းသော မိုးမခနွယ်ကြား ပျင်းရိလေးတွဲ့စွာသာ အနားယူခဲ့သည်။ ဘယ်နေရာတွင်ရှိကာ သီချင်းကျူးရင့်နေခဲ့မှန်းမသိရသော မိန်းမပျိုတစ်ယောက်၏ တေးသီသံကို နားစွင့်ကာ အရက်သေစာမပါဘဲ မူးယစ်ရီဝေနေခဲ့သည်။

နန်းမြို့တော်တစ်ခွင်လုံးမှာ အတော်လေးပင် ငြိမ်းချမ်းနေခဲ့၏။ ဥပုသ်စောင့်တည်ခြင်းကာလ ပြီးဆုံးသွားသောအခါ ဟယ့်လျန်ဖေ့လည်း စိတ်သက်သာရာရသွားသည့်နှယ် သက်ပြင်းမောချလိုက်သည်။ ဉာဏ်ပညာကြီးမြတ်လှသော အရှင်မင်းမြတ်၏ အစွဲအလမ်းတစ်ခု ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ မနက်ခင်းညီလာခံတက်ဖို့ စောစောနိုးထရမည်ကို ပြန်လည်ငြင်းဆန်ခဲ့သည်။ ဟယ့်လျန်ချီသည်လည်း ပြဿနာမွှေဖို့ အင်အားမရှိသေးပါ။ ဟယ့်လျန်ကျောက်နှင့် အိမ်ရှေ့စံကလည်း အနေအထိုင် ပို၍သိုသိပ်လာကာ ဘာထင်မြင်ချက်မှ ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ သူတို့ဘိုးတော်ကြီးအတိုင်းသာ တစ်နေ့တစ်နေ့ အချိန်ဖြုန်းနေခဲ့ကြသည်။

အရှင်ခုနစ် Where stories live. Discover now