ကိုယ် သူ့ကိုစသိတာ 2002 နှစ်ဦးပိုင်းလောက်က ။
အတိအကျပြောရရင် ဇန်နဝါရီလ နောက်ဆုံးအပတ်။
သူက တစ်လမ်းကျော်မှာနေတဲ့ ကိုယ့်အဒေါ်ရဲ့ဘေးအိမ်ကို ပြောင်းလာတဲ့မိသားစုရဲ့ တစ်ဦးတည်းသောသား။
အဒေါ်က ကိုယ်တို့ကျောင်းက ကျောင်းဆရာမ၊ ကိုယ့်အမေက ကိုယ့်ရဲ့ပညာရေးကို အဒေါ်အပျိုကြီးလက်ထဲ လွှဲထားတာ။ ညနေတိုင်း အဒေါ့်အိမ်ကိုလိုက်သွားပြီးစာသင်ရတယ်။
ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး၊ အတန်းထဲကယောကျ်ားလေးအနည်းစုနဲ့ မိန်းကလေးသုံးယောက်စ၊ လေးယောက်စလောက် စုသင်ကြတာ။
အဲ့မှာ သူနဲ့ စတွေ့တော့တာပဲ။
သူဆိုတာ ဘေးအိမ်ကကောင်လေး။
မကြာခင် အထက်တန်းနောက်ဆုံးနှစ်စာမေးပွဲဖြေရတော့မှာမို့လို့ ကိုယ်စာတွေကျက်နေတဲ့အချိန် သူက ခုနစ်အိမ်ကြားရှစ်အိမ်ကြား သီချင်းတွေအကျယ်ကြီး ဖွင့်ပြီးနားထောင်နေတာ။
ကိုယ့်အဒေါ်ကလည်း အပျိုကြီးပီပီသိပ်စိတ်ဆတ်တယ်။ ဘေးအိမ်ကိုသွားပြောဦးမယ်ဆိုပြီး သူ့အမေကိုသွားတိုင်တယ်ထင်ပါရဲ့၊ ဘာသီချင်းသံမှ မကြားရတော့ဘူး။ အဲဒီ့နေ့ကိုယ်အိမ်ပြန်တော့ ကိုယ့်လွယ်အိတ်ကို သူကန်နေတဲ့ဘောလုံးလာမှန်တယ်။
'' ဆောရရီးဗျ ''
Eng အသံထွက်ကတော့ ရှယ်ပဲ၊
အကျင့်ပါနေတာလား၊ တမင်ပြောတာလားတော့ မသိ။
သူ့လည်ပင်းမှာဆွဲထားတဲ့ ဆွဲကြိုးတွေကလည်း ရှုပ်ယှက်ခတ်နေတဲ့အပြင် နားတစ်ဖက်မှာလည်း နားကွင်းအနက်ရောင် တစ်ဖက်တပ်ထားသေးတယ်။
လက်ပိုက်ပြီး မိုက်ကမ်းကမ်းကြည့်နေတဲ့ကောင်လေးကို ကိုယ်ဘာမှပြောမနေဘဲ လှည့်ပြန်လာလိုက်တယ်။
'' ဟ စာကြမ်းပိုးလေးက ချေတယ်ဟ၊ နာမည်တောင် မပြောသွားဘူး ''
2002 နှစ်ဦးမှာပဲ ကိုယ်တို့နှစ်ယောက် ကံတရားက စတင်လာတယ်။
သူ့နာမည်က Park Chanyeol တဲ့။
| 2 0 0 2 |
'' ဟဲ့ရေ ငါ့ကိုဘေးအိမ်ကကောင်လေးက စာပေးတယ်သိလား ''