..........................''ထမင်းချိုင့်တစ်လုံး၏ဒိုင်ယာရီ''...................
(၁)
နေ့ခင်းထမင်းစားဆင်းချိန်.....
ပါလာတဲ့ချိုင့်လေးတွေဖွင့်စားနေကြတဲ့ ကလေးတွေရဲ့ ထမင်းဝိုင်းလေးတွေကိုလိုက်ကြည့်မိသည်။''ဆရာကြီး စားပါအုံးရှင့်....စားပါအုံးခဗျ''ဟူသည့်
အသံလေးတွေညံစီသွားပြီး သူတို့စားလက်စထမင်းချိုင့်လေးတွေကို ကျွန်တော့်ဆီ အလုအယက်ထိုးပေးလာကြသည် ။ချိုင့်လေးတွေကိုကြည့်လိုက်တော့ ပဲပြုတ်နဲ့အကြော်က ခပ်များများရယ်ပါ။
တချို့ချိုင့်မှာ ကြက်ဥပြုတ်တစ်ခြမ်းတစ်လေပါသလို၊ ပဲခြမ်းကြော်ကို ကြက်သွန်နီလှီးထည့်ပေးထားတာမျိုးလဲပါသည်။ကြက်ဥကြော်လောက်ပါတဲ့ချိုင့်က ဆယ်ချိုင့်မှာတစ်ချိုင့်မပြည့်ချင်။
ရေစိမ်ထားပုံရသည့် အသားတုလုံးလေးတွေကို နှစ်ရာတန်ငရုတ်ဆီအနီရောင် ဆမ်းထားသည့်ချိုင့်ကလေးက မောင်နှမ နှစ်ယောက်မျှစားရမည့်အရာ။
သူတို့လေးတွေရဲ့ ထမင်းချိုင့်တွေကိုကြည့်ရင်း ကျွန်တော့ကိုယ်ကျွန်တော် ပြန်တွေးကြည့်မိသည်။
မနက်ခင်း ထမင်းချိုင့်ထည့်ချိန်တိုင်း အသားဟင်းတစ်မျိုးလောက်မှ မပါရင် အမေ့ကို ဂျီတိုက်နေကြ ကျွန်တော့်အတွက်တော့ ပဲပြုတ်၊အသားတုရေစိမ်၊ အကြော်လေးတစ်ခုကို နတ်သုဒ္ဓါကဲ့သို့ မျှဝေစားနေသော သူတို့တွေက ထမင်းတစ်လုပ်၏ ခက်ခဲမှုကို ပညာပေးနေသလိုပင်။
ပြောသာပြောရတာပါ။ ဒီထမင်းချိုင့်လေးတွေရဲ့ နောက်ကွယ်က ဘဝမျိုးစုံကို ကျွန်တော်သိသင့်သလောက် သိထားပီးဖြစ်သည်။
ပညာသင်ကြားခွင့်ကိုတောင် အခုလို ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွေရှိနေလို့သာပါ၊ မဟုတ်ရင် သူတို့အနာဂတ်က ရင်လေးစရာ။
ဘယ်လိုဖြစ်ဖြစ် သူတို့ဟင်းလေးတွေ တစ်ဇွန်းတစ်ဖဲ့လောက်စီ နှိုက်စားပြရသည်။
ဒါမှ သူတို့စေတနာ၊ သူတို့ဟင်းလေးတွေကို ဆရာတစ်ယောက်က စားတယ်၊ အသိအမှတ်ပြုတယ်ဆိုပြီး ပျော်နေကြမှာပါ။(၂)
တစ်ချိုင့် တစ်ဇွန်းနှိုက်နေရင်း ကျွန်တော့်တို့ ဆရာတပည့်တွေရဲ့ ထမင်းဝိုင်းကို မလှမ်းမကမ်း က ငေးကြည့်နေတဲ့ မောင်လုံး ကို ကျွန်တော်တွေ့လိုက်သည် ။