အခန်း ၁၀
မငိုပါနဲ့...ငယ်
"သမီး အဆင်ပြေအောင်နေနော်.. စာလည်းကြိုးစားသိလား"
ဤအသံကား တက္ကသိုလ်သွားတတ်တော့မည့် နုငယ်ကို မေမေက စိတ်မချစွာ တဖွဖွ မှာကြားနေခြင်း။ နုငယ် အသာခေါင်းငြိမ့်ပြလိုက်၏။
"မေကြီးရာ စိတ်ပူမနေပါနဲ့ .. ငါတို့သမီးက ကလေးမဟုတ်တော့ပါဘူးကွ"
အထုတ်ပိုးများကို ကားပေါ်တင်နေသည့် ဖေဖေက လှမ်း၍ ပြောသည်ကို မေမေက မျက်စောင်းတစ်ချက်ထိုးကာ စောဒကတတ်သည်။
"ဘာပဲဖြစ်ဖြစ်ပေါ့ရှင် သမီးမိန်းကလေးဆိုတော့ ပိုပြီးပူပင်ရတာပဲ "
"နုငယ်က တက္ကသိုလ်ကျောင်းသူကြီး ဖြစ်နေပါပြီကွာ ခုထိ မင်းဗိုက်ထဲက ထွက်လာခါစလို့ ထင်နေသလား.. မေကြီးရ"
ဖေဖေက ခနဲ့ပြော ပြောသော်လည်း မေမေကတော့ မရပ်တန့်။ စကားကို ရေပက်မဝင်ပြော၍ တတွတ်တွတ် မှာကြားနေဆဲပင်။
"သမီး ဟိုမှာ ဒေါ်ဒေါ်တို့က ကျောင်းအပ်တာရော ဘာရော အကုန်လိုက်လုပ်ပေးလိမ့်မယ်... နေစရာ အဆောင်ရော ရှာထားပြီးပြီတဲ့ ကားဂိတ်ကိုလည်း လာကြိုလိမ့်မယ်နော်.."
"အင်းပါ နုငယ်သိပါတယ်"
"လမ်းမှာလည်း ဂရုစိုက်နော် .. ကားပေါ်မှာ အိပ်ငိုက်မသွားနဲ့ဦး မေမေကိုယ်တိုင် လိုက်ပို့ချင်တာကွယ်.. "
"ကဲပါ.. မေကြီးရယ်... တော်ပါတော့ နုငယ် ဒီလောက်တော့ သွားတတ်လာတတ်ပါတယ်"
အဝေးပြေးကားဂိတ်မှာ ကားကလည်း ထွက်ခါနီးနေပြီ။ နုငယ်တစ်ယောက်တည်း ကားစီးသွားရမည်မို့ မေမေမှာ စိတ်မချနိုင်ဘဲဖြစ်နေ၏။ နုငယ်ကတော့ ဘယ်သူမှ လိုက်မပို့စေချင်ဟု တစ်ခွန်းထဲသာ ပြောခဲ့သည်။ နုငယ်၏ ခေါင်းမာမှုနှင့် တဇွတ်ထိုးဆန်မှုကို မလွန်ဆန်နိုင်သော ဖေဖေနှင့် မေမေက ထုံးစံအတိုင်း လိုက်လျောကြရပြန်သည်ပင်။
ပွမ်!! ပွမ်!!
ကားကထွက်တော့မည်မို့ ဟွန်းသံပေးနေပြီ။
တစ်ကယ် သွားရတော့မည်ဆိုတော့လည်း နုငယ်ရင်ထဲမှာ မကောင်း။
အိမ်နှင့်လည်းမခွဲချင်... ။
ထိုမျှမက.. ဆရာမနှင့်လည်း မခွဲခွာချင်..။ သို့ရာတွင် ဆရာမကတော့ အရင်ခွဲခွာနှုတ်ဆက်ခဲ့ပါပြီလေ။
YOU ARE READING
နုငယ်ရဲ့ဆရာမ သို့မဟုတ် ဆရာမရဲ့နုငယ်(Completed)
RomanceGL- fiction (Unicode+ Zawgyi) About a student and a teacher ~ No matter what we are or who we are , we all deserve to love or to be loved <3