အပိုင်း - ၅၉ { လူ့ဘောင်လောကမှ ဝေးကွာရာ မက်မွန်မြစ်ဖျား သုခကမ္ဘာ }

3.2K 737 130
                                    

အပိုင်း - ၅၉

{ လူ့ဘောင်လောကမှ ဝေးကွာရာ
မက်မွန်မြစ်ဖျား သုခကမ္ဘာ }

နေ့စဥ်နေ့တိုင်း ကျင်ချီးမှာ မနက်ဝေလီဝေလင်းကတည်းကပင် ညီလာခံသွားတက်ရသည်။ ထို့နောက် ဘာမှဆက်လုပ်စရာမကျန်တော့လျှင် တစ်နေရာရာသို့ ထွက်သွားတတ်သည်။ ပြန်လာသောအခါ အမွှေးနံ့သာနှင့် သေရည်ယမကာနံ့များ စွဲငြိကပ်ပါလာလို့။ ထို့နောက် နေ့လယ်နေ့ခင်းတွင် တစ်ရေးတစ်မော အိပ်စက်နေတတ်သည်။ တစ်ခါတစ်ရံ နေ့ခင်းပိုင်းတွင် ဝူးရှီး အလည်လာတတ်ကာ ရံဖန်ရံခါတွင်မူ မည်သူမှ မလာသဖြင့် တစ်နေကုန် ဆက်အိပ်နေတတ်သည်။

သူ့စိတ်ထဲ အကြောင်းခြင်းရာမည်မျှ ဖြတ်သန်းပြေးလွှားနေကြောင်း မည်သူကမှ မသိနိုင်ခဲ့ပါချေ။ သူ့ပုံစံမှာ အမြဲတမ်း ပျင်းရိနေဟန်သာရကာ နိုးထမလာချင်သည့်ဟန်သာ ပေါက်နေ၏။

ညနေစောင်းရောက်လျှင် ကျင်ချီးမှာ အနည်းငယ်ပိုပြီး လန်းဆန်းတက်ကြွနေတတ်ကာ ရံဖန်ရံခါတွင် ကျိုးကျစ်ရှူးရှိရာသို့ သွားလည်တတ်ပြီး ရံဖန်ရံခါတွင်မူ စာကြည့်ခန်းထဲတွင် တစ်ယောက်တည်းသာ စာထိုင်ဖတ်နေတတ်သည်။ မည်သူ့ကိုမှ အထဲခေါ်ပြီး ခစားလုပ်ကျွေးခိုင်းခြင်း မရှိ။ လက်ဖက်ရည်အသစ်လာလဲပေးရန် ဝင်ရောက်လာသော ဖင်အန်းမှလွဲလျှင် အခြားသူများ လာရောက်ချဥ္းကပ်ခြင်းမရှိ။

နန်နဥ်စံအိမ်တော်ရှိ အစေခံအမှုထမ်းများမှာ လွန်စွာမှဇိမ်ကျလှသည်။ ပုံမှန်နေ့ရက်များဆိုလျှင် အလုပ်များကို အချောင်ခိုနေတတ်ကာ လက်လွှတ်စပယ်သာ နေတတ်ကြသည်။ ကျင်ချီး သို့မဟုတ် အိမ်တော်ထိန်းဖင်အန်း တွေ့သွားလျှင်တောင် ထိုသူတို့က သူတို့အား မမြင်လိုက်သလိုသာ လျစ်လျူရှုကာ မျက်ကွယ်ပြုထားကြသည်ပင်။ ဤနှစ်ကာလများအတွင်းတွင် ကျင်ချီး အပြင်တစ်ခါထွက်သွားပြီးနောက် လုပ်ကြံသူများနှင့် တွေ့ရတုန်းကတစ်ကြိမ်၊ ထို့နောက် တရားခံရှာရန် ပြန်လာခဲ့သောအချိန်၊ ဖင်အန်း၏ ဆူပူကြိမ်းမောင်းမှုများကြား အရှင့်သားစိတ်ရှုပ်နေချိန် စသည့်အချိန်တို့မှလွဲလျှင် အရှင့်သား၏ နှုတ်ဖျားမှသည် မကောင်းမကန်းစကားများပင် ကြားရခွင့်မရှိ။

အရှင်ခုနစ် Where stories live. Discover now