အပိုင်း - ၆၄
{ ဧကရာဇ်ကိုယ်တော်တိုင်
တပ်မတော်အား ဦးဆောင်ချီတက်ခြင်း }အရေးပေါ်သတိပေးချက်မှ ထွက်လာသော အခိုးငွေ့များက လေထုထဲတွင် ရစ်ဆိုင်းနေ၏။ အဝါရောင်သဲမှုန်များက တာ့ချင့်၏ မြောက်ပိုင်းဒေသတစ်ခုလုံးအား ပျံ့နှံ့သွားခဲ့၏။ ဝါကယ်လာ့များမှာ နှစ်ပေါင်းများစွာကြာအောင် အကြံအစည်များ ချမှတ်ခဲ့ကြပြီး သူတို့၏အစွမ်းအစကို ရာစုနှစ်များစွာ ဖုံးကွယ်ထားခဲ့ကာ အချိန်ကောင်းအခါကောင်းကို စောင့်ဆိုင်းနေခဲ့ကြသည်။ နောက်ဆုံးတော့ သူတို့၏အစွယ်များနှင့် လက်သည်းများကို လက်နေအောင် သွေးခဲ့ပြီးသည့်နောက် တဖြူးဖြူးသွေးဆော်နေသည့်လေအလျဥ်ကြား တာ့ချင့်သို့ ချီတက်လာခဲ့ကြပေ၏။
သို့သော်လည်း တာ့ချင့်ထဲတွင်မူ အထက်တန်းလွှာရှိ ဉာဏ်ရည်မြင့်အကြံပေးသမားများက ရွှေမှုန်ကြဲထားသော ခမ်းနားခြင်းများနှင့်အတူ ငြိမ်းချမ်းမှုများ ဆင်နွှဲနေကြဆဲဖြစ်သည်။
အရှေ့နန်းဆောင်တွင်လည်း ထည်ဝါသော ပန်းမာလာများ ကြွေလွင့်သွားခဲ့ပြီဖြစ်သည်။
"တကယ်လို့များ ...... ဟယ့်လျန်ကျောက်သာ သူ့လက်ထဲမှာရှိတဲ့ စစ်ရေးအာဏာကို အသုံးချပြီး ပုန်ကန်ခြားနားဖို့နဲ့ နန်းစွန့်ဖို့ အတင်းအကျပ် ဖိအားပေးလာမယ်ဆိုရင် ၊ ဒီလုပ်ရပ်က လွယ်လွယ်ကူကူအောင်မြင်မှာမဟုတ်ဘူးလို့ ကျွန်တော်မျိုး စိုးရွံ့မိပါတယ်"
ကျင်ချီးက ရုတ်ချည်းဆိုသလို ပြောလာ၏။
ဤနေရာတွင်ရှိသော လူတိုင်းမှာ သူ့စကား၏ ဆိုလိုရင်းကို နားလည်သွားကြလေရာ အံ့ဩမှင်သက်သွားကြလေ၏။ ဟယ့်လျန်ကျောက်က နန်းမြို့တော်အတွက် ခံစစ်ဗျူဟာကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သူတို့မျက်လုံးနှင့် တပ်အပ်တွေ့မြင်ခဲ့ရပြီးပြီဖြစ်သည်။
"အရင်တုန်းက တပ်မတော်ထဲကို ဟယ့်လျန်ကျောက် ထည့်သွင်းထားတဲ့လူတွေဟာ အခုတော့ အနောက်မြောက်ဒေသကိုချည်း စုပြီးရောက်နေကြတယ်။ ပိုနည်းတဲ့အရေအတွက်ကတော့ နန်ကျန်းနယ်စပ်မှာရှိတဲ့ စစ်သူကြီးဖုန်ရဲ့လူဟောင်းတွေနေရာမှာ အစားထိုးထားတယ်။ အဲ့ဒီလူတွေကို ထိရောက်အောင် အသုံးပြုနိုင်ဖို့ရာ သိပ်မလွယ်လှဘူး။ တကယ်လို့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့ရင် လျဲန်ကွမ်ရဲ့ လီယန်နျဲန်လည်း အရင်တုန်းက လျောင့်ကျန့်တုံး ဖွဲ့စည်းထားတဲ့ ၊ ပြန့်ကြဲနေတဲ့ စစ်တပ်အင်အားကို အမိန့်ပေးခိုင်းစေလို့ရသေးတယ်။ စုစုပေါင်းလူအင်အား ငါးသောင်းကနေ ခြောက်သောင်းအထိ ရှိနေတယ်။ ဒါပေမယ့် သူတို့တွေကို ဒီနေရာထိ ရွှေ့လာဖို့အတွက်တော့ အချိန်တစ်ခု လိုနေသေးတယ်"
YOU ARE READING
အရှင်ခုနစ် [ Completed ]
Historical Fictionချစ်ခြင်းတစ်ခုကြောင့် ခုနစ်ဘဝခုနစ်လီ ကျင်လည်ခဲ့အပြီး နောက်ဆုံးခုနစ်ဘဝမြောက်မှာ ပထမမြောက်ဘဝကို ပြန်ရောက်လာတဲ့ ကျင်ပေယွမ်းဟာ အရင်ဘဝရဲ့ လမ်းဟောင်းအတိုင်းမဟုတ်ဘဲ ရွေးချယ်မှုအသစ်တွေ ပြုလုပ်ခဲ့တယ်။ ဒီရွေးချယ်မှုအသစ်တွေက သူ့ကို အသေဆိုးနဲ့ စောစောစီးစီး မသေရ...