Part - {19}

3.1K 415 52
                                    

နှိုးစက်သံအကျယ်ကြီးကြောင့် ကျွန်တော် လန့်နိုးလာတယ်။ တောက်ပတဲ့ မနက်ခင်းရောင်ခြည်က လိုက်ကာစတွေ ကြားထဲကနေ ဝင်ရောက်လာတယ်။ အချိန်ကြာကြီး အိပ်ပြီးသွားတော့ အသံကျယ်ကြီးနဲ့ သမ်းဝေလိုက်ရင်း အပျင်းကြောဆန့်လိုက်တယ်။ ကျွန်တော့်ကိုယ်က တက်ကြွနေပေမဲ့ စိတ်ထဲမှာကတော့ ထိုင်းမှိုင်းနေတုန်း။ ကျွန်တော် အိပ်မက်တစ်ခု မက်ခဲ့တယ် ထင်ပေမဲ့ မမှတ်မိနေဘူး။

အိပ်မက်က သိပ်အ‌ရေးမကြီးတာ ဆိုရင်ကော။ မမှတ်မိနိုင်တဲ့ အိပ်မက်တစ်ခုကို စဉ်းစားနေတာလည်း ကောင်းကျိုးရှိပါတယ်။

ကျွန်တော် အိပ်ရာပေါ် ထိုင်နေရာကနေ ထမလို့ပါပဲ။ ဒါပေမဲ့ ကျွန်တော့်ဘေးက အပူချိန်ကို ခံစားမိနေတော့ လှည့်ကြည့်လိုက်တယ်။

အီဗန်ရဲ့ မျက်နှာက နီရဲနေပြီး ကျွန်တော့်ဘေးမှာ ပုံ့ပုံ့လေး လှဲနေတယ်။ သူ့ကိုယ်ကနေ ပုံမှန်မဟုတ်တဲ့ အပူချိန်တွေ ထွက်နေတယ်။ မီးဘောလုံးလေးလိုပဲ။

"အီဗန်...?"

ကျွန်တော် သူ့ကိုယ်ကို သာသာလေး လှုပ်နှိုးလိုက်တယ်။ အီဗန်က သူ့ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်ပဲ မျက်စိဖွင့်ဖို့တောင် အနိုင်နိုင် ဖြစ်နေတယ်။ သူ့လည်ချောင်းကနေလည်း ချောင်းဆိုးသံတွေ ထွက်နေတယ်။ အိပ်မက်တွေဆိုတာက အခုချိန်မှာ ဘာမှအရာမဝင်တော့ဘူး။ သူ့ရှေ့က အီဗန်ကသာ ပိုအရေးကြီးတာ။

"ရရဲ့လား?"

"ရတယ်...။ အေးတယ်"

စကားဆက်မပြောနိုင်တော့ပဲ တဖန် ချောင်းဆိုးလာတာမို့ အခြေအနေက ဆိုးရွားနေပုံပဲ။ ဒါ့အပြင် သူ့အသံကလည်း အက်ကွဲနေတယ်။

"အီဗန်၊ ဆေးရုံသွားရအောင်"

သူက ခေါင်းငြိမ့်ပြီး ထရပ်ဖို့ လုပ်ပေမဲ့ ချက်ချင်းပဲ ယိမ်းယိုင်သွားတယ်။ အီဗန်က သူ့ကိုယ်သူတောင် မထိန်းနိုင်ဘူး။ ဒီလိုအခြေအနေနဲ့ ဆေးရုံသွားဖို့တောင် မလွယ်ဘူး။

သူ့ကို ပြန်လှဲစေလိုက်ပြီး ဆေးတွေအပြည့်ရှိတဲ့ သူ့ရဲ့အံဆွဲထဲ ရှာဖွေလိုက်တယ်။ ဒါပေမဲ့ ‌စာညွှန်းတွေ မရှိပဲ ဒီအတိုင်း စုပြုံထည့်ထားတာမို့ သောက်ရမဲ့ဆေးအမှန်ကို ရှာဖို့ရာ မဖြစ်နိုင်ဘူး။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Donde viven las historias. Descúbrelo ahora