အခန်း ၁၄

7.9K 623 39
                                    

အခန်း ၁၄
သန္နိဌာန်

ရုတ်တရက် လဲကျသွားသော ဆရာမအား နုငယ် အမြန် ပြေး၍ ထွေးပွေ့လိုက်ရသည်။ ဆရာမ၏ ခန္ဓာကိုယ်လေးအား ရင်ခွင်ထဲ နစ်ဝင်သည်အထိ ဆွဲသွင်းလိုက်ပြီး တင်းကြပ်စွာ ဖက်တွယ်ထားလိုက်မိ၏။

လုံးဝဥဿုံ တင်းကြပ်စွာ...
လွမ်းခဲ့ရတဲ့ နှစ်တွေရဲ့ ကိုယ်စား...
တမ်းတခဲ့ရတဲ့ အချိန်တွေရဲ့ကိုယ်စား...
အားရပါးရ မလွှတ်တမ်း ပွေ့ဖက်လိုက်မိ၏။

အရင်က တွယ်ခိုခဲ့ဖူးသော ဆရာမ၏ လက်မောင်းလေးများကလည်း မိမိ၏ ကျောပြင်ကို တန်ပြန် သိုင်းဖက်လာသည်ကို ခံစားသိလိုက်ရသည့်နောက် နုငယ်ရင်၌ အမည်မသိ ဝေဒနာတစ်ခုက နာကျင်စွာ ဖြစ်တည်လာသည်။

မဟုတ်မှလွဲ.. ဆရာမလည်း ထပ်တူ လွမ်းနေခဲ့တာများလား။

ဟိုးတချိန်ကတော့ ဆရာမကို ကလေးတစ်ယောက်လို ချွဲ့နွဲ့လို့ မှီတွယ်ခဲ့ဖူးသည်။ ယခုတော့ ဆရာမ ခန္ဓာကိုယ်လေးက အပ်ချည်မျှင်လေးလို ပေါ့ပါးနေသည်။ ဆရာမကပဲ သေးငယ်သွားသည်လော နုငယ်ကပဲ သဘာဝအရ ပိုမို ထွားကြိုင်းလာခဲ့သည်လော မပြောတတ်။ ဒါပေသိ ဆရာမရဲ့ တစ်ကိုယ်လုံးကတော့ နုငယ်ရင်ခွင်ထဲ အဆုံးမရှိ နှစ်မြုပ်နေတာ သေချာ၏။

မသိလိုက်မသိဘာသာ ကုန်ဆုံးသွားသည့် အချိန်တွင်းမှာပင် ဆရာမ၏ ခန္တာကိုယ် သေးငယ်ငယ်အား စွေ့ခနဲကောက်မနိုင်သည်အထိ နုငယ် အရွယ်ရောက်ခဲ့ပြီထင်၏။

သုံးနှစ်အတွင်းမှာ သန်မာနု ပျိုကာ အရွယ်ရောက်လာသော နုငယ်နှင့်မတူဘဲ ဆရာမကတော့ အရိုးပေါ်အ‌ရေတင် ဖြစ်နေခဲ့သည်အထိ စိတ်ဆင်းရဲစရာတွေ များခဲ့ပုံရသည်။

လွမ်းနေခဲ့ရတာ။

ထိုစကားကို အသံထွက်ပြီး မပြောမိ။
ရင်ခွင်ထဲက ဆရာမကို မိုးစက်များက မထိမှန်နိုင်လေအောင် တင်းတင်းကြပ်ကြပ် အုပ်မိုးကာကွယ်ထားရင်းဖြင့် အလွမ်းဒဏ်ရာကို အလိုအလျောက် သိစေလိုက်သည်။

ဆရာမကတော့ နုငယ်၏ နှလုံးသားနှင့် အနီးဆုံးနေရာမှာ မျက်နှာကို အပ်ထားရင်း မလှုပ်မလျှက် ငြိမ်သက်နေလျက်သာ။

နုငယ်ရဲ့ဆရာမ သို့မဟုတ် ဆရာမရဲ့နုငယ်(Completed)Where stories live. Discover now