လောကမှာ မျဉ်း၂ကြောင်း ဆုံဖို့ ဆုံမှတ်တစ်ခုစီတော့ လိုအပ်ကြပါတယ်။
မတူညီတဲ့ ဆုံမှတ်တွေလဲ ရှိခဲ့ကြပါတယ်။ စမှတ်လဲမတူ၊ ဆုံးမှတ်လဲ မတူသလို ဆုံမှတ်ပါ မတူညီတဲ့ မျဉ်းတွေလဲ ရှိပါတယ်။
ရထားလမ်းတွေလို စမှတ်လဲတူ၊ ဆုံးမှတ်လဲ တူပေမဲ့ တသက်လုံးဘယ်တော့မှလဲ နီးမလာသလို ဝေးသွားမှာလဲ မဟုတ်တဲ့ မတူညီတဲ့ ဆုံမှတ်နဲ့မျဉ်းတွေလဲ ရှိပါတယ်။
နှင်းဆီပန်းဖြူဖြူတွေ ဖုံးလွှမ်းနေတဲ့ မင်္ဂလာပွဲလေးတစ်ခုကို ငေးကြည့်နေခဲ့တဲ့ ကောင်လေးနှစ်ယောက် ရှိခဲ့ပါတယ်။
ဟန်သာနဲ့ သုတဟာ ဝေ့အတွက်တော့ မတူညီတဲ့ဆုံမှတ်တွေပါပဲ။
“သို့ /
ဟန်သာ
အချစ်ကို အယုံအကြည်မရှိပါဘူးဆိုတဲ့ ဟန်သာရေ။
ဟန်သာကြောင့်ပဲ ထင်ပါရဲ့။ ဝေလဲ အချစ်ကို မယုံတော့ဘူး။ဘယ်လောက်ပဲချစ်ချစ် ဝေးကြရတာပဲမလားတဲ့။ ဟန်သာ ပြောတာ မှန်မယ်ထင်ပါရက်။ ဝေးမဲ့အတူတူ မချစ်ခဲ့ကြတာ ပိုကောင်းမယ်မလား? ဟန်သာ့စကားနားထောင်ခဲ့ရင် ဝေလဲ နာကျင်ရမယ်မထင်ဘူး။ အခုတော့ ဝေက ချစ်ခဲ့မိတာကိုး။ ဒါပေမဲ့ နောက်ထပ်တော့ မချစ်တော့ဖို့ ဝေတော့ ကိုယ့်ကိုယ်ကို ဆုံးမထားလေရဲ့။
မချစ်ဘဲ ဘာလို့လက်ထပ်လဲလို့ မေးချင်နေတယ်မလားဟင်?
မချစ်လို့ လက်ထပ်တာပေါ့ကွယ်။ မချစ်တော့ဘူးဆိုတာ သေချာစေဖို့ ဝေလက်ထပ်ခဲ့တာပေါ့။ မချစ်ရင် မနာကျင်ရဘူးမလား?
ဟန်သာလဲ မနာကျင်ပါစေနဲ့လို့ ဝေဆုတောင်းနေပါရဲ့ကွယ်”
“သို့/
သုတရေ
စိတ်ဆိုးနေတယ်မလား? မတိုင်ပင်ဘဲ ဗြုန်းစားကြီးလုပ်ချလိုက်လို့ စိတ်တိုနေတယ်မလား?
ဝေရာ ဘယ်လိုတွေ တွေးနေတာလဲလို့ ဝေ့ကို ဆူချင်နေတယ်မလား?
သုတပြောသလို ဝေစဉ်းစားခဲ့ပါတယ်။ အသုံးချမဲ့ဝေ့စိတ်က အဆင်မပြေဘူးကွယ်။
ဒီအဖြေဟာ ဝေ့အတွက် ဝေအကောင်းဆုံးစဉ်းစားထားတာလို့ သုတယုံကြည်ပေးပါနော်။
စိတ်မပူပါနဲ့။ ဝေပျော်အောင် နေမှာပါ။”
စာရွက်ဖြူလွလွလေး နှစ်ရွက်က ကြမ်းပြင်ပေါ်မှာ တရွက်နဲ့ တရွက် အားပေးနေသယောင်။
စာရွက်လေးတွေရဲ့ ပိုင်ရှင်နှစ်ယောက်ကတော့ အားပေးဖို့ အဆင်မပြေဘူးထင်ပါရက်။ စားပွဲပေါ်မယ် ခေါင်းငိုက်စိုက်နဲ့။
ဘယ်တော့မှ မဆုံတော့မဲ့ မတူညီတော့တဲ့ ဆုံမှတ်လေးတခုအကြောင်းကို သီးခြားစီ တူညီစွာ တွေးနေကြမယ်ထင်ပါတယ်။
YOU ARE READING
မတူညီသော ဆုံမှတ်များ
Romanceမိန်းကလေးတစ်ယောက်ကို တွဲခွင့်ရရုံအတွက်နဲ့ ချစ်တယ်ဆိုတဲ့ စကားကို ပြောဖို့လိုလို့လား။ ချစ်ခြင်းတရားဆိုတာ ကျနော်မယုံကြည်ရဆုံး စာရင်းထဲက နံပါတ်တစ်အရာပဲလေ -ဟန်သာဦး ဝေက ကိုယ်ချစ်ကို မရှာဘူး။ သူချစ်ကိုပဲရှာမှာ။ ကိုယ့်ဘက်ကပဲ ချစ်ရတာ ဘယ်လောက်ပင်ပန်းလဲဆိုတာ သ...