အခန်း ၁၅ (part 1)

8.1K 580 6
                                    

(part 1)

တိမ်စိုင်ညိုတို့က ဖန်ဆင်းသော မိုးသည် အားကုန်ရွာသွန်းလိုက်ပြီးနောက် နေမင်းသူရိန်၏ နွေးထွေးသော ရောင်ခြည်တို့က တဖန်နေရာပြန်လည်ယူလိုက်သည်မို့ ပတ်ဝန်းကျင်တွင် ကြည်လင်သာယာနေခဲ့ပြီ။ သို့သော် မိုး၏ အကျွင်းအကျန် ရေပေါက်ငယ်လေးများကတော့ တံစက်မြိတ်တွင် လှပစွာ တွဲလဲခိုနေကြဆဲပင်။

ပတ်ဝန်းကျင်၏ ပြောင်းလဲမှုကို သတိမူရန် မေ့လျော့နေသည့် နုငယ်မှာတော့ ခုတင်ထက်၌ နူးညံ့ဖြူစင်စွာ လဲလျောင်းအိပ်စက်နေသော အမျိုးသမီး၏ အနားမှာ တစ်စက္ကန့်မျှ မခွဲခွာဘဲ ငြိမ်သက်စွာဖြင့် ငေးမောလျက်သာ။

ရေစိုနေသော ဆံနွယ်လေးများကို တဘက်ဖြင့် ခပ်ဖွဖွ သုတ်ပေးလိုက်ရင်း ဝေးကွာခဲ့ရသော သူမ၏ မျက်နှာလေးကို အတိုးချ၍ ကြည့်နေလိုက်မိသည်။

သွေးမရှိသလို ဖျော့တော့နေသော နှုတ်ခမ်းသားများနှင့်အတူ အိပ်ပျက်ညတွေများခဲ့တဲ့သူလို ညိုမဲနေသော မျက်ကွင်းများနှင့် ဆရာမဟာ ဂရုဏာသက်ချင်စဖွယ် နွမ်းလျစွာ အိပ်မောကျနေလျက်ပင်။ ထိုကဲ့သို့သော ပုံရိပ်လေးကို ငေးကြည့်နေရသည့် နုငယ်မှာသာ အသည်းနှလုံးအား အပ်ချွန်ချွန်ဖြင့် ထိုးစိုက်နေသလို တဆစ်ဆစ် နာကျင်နေ‌ရပေ၏။

မိုးမိထားသည်မို့ ဖျားနာသွားမှာ စိုးရိမ်၍ နဖူးကို လက်ဖြင့် အသာအယာ စမ်းသပ်ကြည့်လိုက်မိတော့ လက်ဖျားကို ရိုက်ခတ်လာသော အပူရှိန်ငွေ့ငွေ့။

ဖျားနေတာပဲ။
နုငယ် ရင်ထဲစိုးထိတ်သွားပြီး ဖွင့်ထားသော ခုတင်ဘေးက ပြတင်းပေါက်ကို အပြေးထပိတ်လိုက်မိ၏။

"နုငယ်"

ထိုအချိန်မှာပင် တံခါးရွက်များကို ဆွဲပိတ်နေသော နုငယ်၏ လက်များအား ရပ်တန့် တုံ့ဆိုင်းသွားစေသော ခေါ်သံတစ်ခုက လေထုထဲသို့ နူးညံ့ညင်သာစွာ ပျံ့လွင့်လာလေ၏။

"နုငယ်... ဆရာမဆီကိုလာတာလားဟင် "

ဆရာမသည် ယခုမှ အသိစိတ်ပြန်ဝင်လာတဲ့လူတစ်ယောက်လိုမျိုး နုငယ်အား အေးဆေးတည်ငြိမ်စွာ နှုတ်ဆက်နေသည်။ ပုခုံးထက်၌ ကပိုကရိုကျနေသော ဆံနွယ်များအား အသာသပ်တင်လိုက်ပြီး နူးညံ့စွာ ပြုံးပြနေသော ဆရာမသည် အားနွဲ့ပင်ပမ်းနေပုံပေါ်နေသည့်တိုင် ဂန္တဝင်ဆန်ဆန် တင့်တယ်သော ဣန္ဒြေကတော့ မပြောင်းမလဲတောက်ပဆဲပါလေ။

နုငယ်ရဲ့ဆရာမ သို့မဟုတ် ဆရာမရဲ့နုငယ်(Completed)Where stories live. Discover now