Unicode

192 24 95
                                    


     နွေတို့၏သဘာဝအတိုင်း ကြည်လင်နေသော ကောင်းကင်ပြာထက်တွင် ဖြူလွှလွှတိမ်တိုက်တို့က လေယူရာသို့ ဖြည်းဖြည်းချင်း ရွေ့လျားနေသည်။ ရော်ရွက်ဝါတို့ကလည်း လေရူးအဝေ့တွင် မကြာခဏ မြေခခဲ့ရသည်မို့ အပင်တိုင်းက သစ်ရွက်များကင်းစင်ကာ ထီးတည်းသာရှိလို့နေသည်။ မနီးမဝေးတောအုပ်ဆီမှ ဥဩငှက်သံတို့က ပျံ့လွင့်လာပြန်တော့ နွေသရုပ်မှာ ပို၍ပင်ပေါ်လွင်လာ၏။

     ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်လှသည်မို့ ကိုရင်ငယ်မှာ ကျောင်းဆောင်ပြတင်းပေါက်မှတစ်ဆင့် နွေအလှကို အပီအပြင်ရှုစားကာ အတွေးနယ်ချဲ့နေ၏။ အတွေးထဲတွင်တော့ ဤနေရာဤဒေသသည် ရဟန်းသံဃာတို့အဖို့ တောရဆောက်တည်ရန် အကောင်းဆုံးပတ်ဝန်းကျင်ဟူ၍ ကောက်ချက်ချနေမိသည်။

     "ကိုရင်ငယ် ... ဆရာတော်ဘုရားက ခေါ်ခိုင်းလိုက်လို့"

     ဘွဲ့တော်မှာ ပန္ဒိတဖြစ်သော်လည်း လူနာမည် ပိုက်ထွေးငယ်ကို အစွဲပြု၍ သူ့ကို ကိုရင်ငယ်ဟုသာ တစ်ကျောင်းလုံးက ခေါ်ကြသည်။

    "သြော် ... အေးအေး ကိုရင် အခုပဲသွားလိုက်ပါ့မယ်"

     ဖိုးသူတော်လေး၏ စကားကြောင့် သူ့အတွေးတို့ကို အမြန်လက်စသတ်ကာ ကျောင်းထိုင်ဆရာတော်သီတင်းသုံးရာ ကျောင်းဆောင်သို့ ပျာပျာသလဲလေး ထွက်လာခဲ့သည်။ သံဃာတော်တို့မည်သည် မျက်လွှာချကာ ရှေ့တစ်ပေမျှသော မြေပြင်ကိုသာရှု၍ ဖြည်းဖြည်းချင်းကြွချီရသည်ဆိုသော်လည်း သူကြာနေပါက ဆရာတော်ဘုရား ဆူမည်ကို ကြောက်နေမိသည်။ ထို့ကြောင့် အပြေးတစ်ပိုင်းလေးသာ လျှောက်ဖြစ်ခဲ့သည်။ ကျောင်းဆောင်ရှေ့သို့ရောက်သောအခါ ဆရာတော်ဘုရားစင်္ကြံလျှောက်နေသည်ကို မြင်သည်နှင့် လက်အုပ်ချီ၍ ခေါင်းကိုအသာကလေးငုံ့ကာ ...

     "ဆရာတော်ဘုရား ... တပည့်တော်ကို ခေါ်ခိုင်းလိုက်တယ်ဆိုလို့"

     "အေး ... ဟုတ်တယ်ကွယ့်။ ကိုရင်ငယ့်ကို ဘုန်းကြီး မိန့်စရာလေးတစ်ခုရှိလို့"

     "တင်ပါ့ဘုရား ..."

      သူ့စကားအဆုံးတွင်တော့ ဆရာတော်ဘုရားက ခေတ္တမျှငြိမ်သက်ပြီးမှ မိန့်ရန်ရှိသည်ကို ဆက်၍မိန့်သည်။

မေတ္တာသက်ဝင်တော်မူခန်း (U + Z)Where stories live. Discover now