အခန်း ၁၆

7.9K 618 38
                                    

Unicode

"လေစိမ်းတွေ တိုက်နေတယ် ခင်ရဲ့... အိမ်ထဲဝင်ပါ့လား"

"ကျွန်မ ဒီနားမှာ ခဏထိုင်ချင်သေးလို့ပါ ကိုမြတ်မောင်"

"ဖျားသေးသလား ဘယ်လိုနေသေးလဲဟင်"

"အဆင်ပြေပါတယ် မောင်သန့်စင် ဆေးထိုးပေးပြီးကတည်းက အဖျားကျသွားတယ်လေ "

နုငယ် လာတွေ့သွားခဲ့တဲ့ နေ့ကတည်းက အနည်းငယ် ထူထူထောင်ထောင်ဖြစ်လာသော ခင့်ကို ကိုမြတ်မောင် အိမ်နောက်ဖေးက စိုက်ခင်းများအကြားတွင် အမြဲလိုလိုမြင်တွေ့နေရသည်။

ဆေးရုံက ပြန်ရောက်စဉ်ကတည်းက အိပ်ရာပေါ်၌သာ လဲလျောင်းနေတတ်သည့် ခင်ဟာ ယခုဆို သစ်ပင်လေးများကို ပုံမှန် ရေလောင်းတတ်နေသည်။ ဆံပင်လေးကို ခပ်ဖွဖွထုံး၍ မှန်ရှေ့မှာ ပြုံးပြုံးလေး ရပ်နေတတ်သည်။ ညနေတိုင်းလိုလိုမှာ လည်း ကောင်းကင်ကြီးကို မော့ကြည့်ပြီး ဆွေးမြေ့မြေ့လေး ပြုံးတတ်ပါ သေး၏။

ကြည်လင်‌ရွှင်ပြသော ခင့် အမှုအရာလေးများကို ပြန်မြင်ရသည်မှာ လေးရက်လောက် ရှိခဲ့ပြီ။ ထိုကဲ့သို့ ပြန်လည်လန်းဆန်းလာစေဖို့ ကိုမြတ်မောင် ကြိုးစားခဲ့သည်မှာ ကြာခဲ့လေပြီ။ ကိုမြတ်မောင်၏ ညီဖြစ်သူ ဆရာဝန် မောင်သန့်စင်ကလည်း ညနေတိုင်း ခင့်ကို လာ‌ရောက်ကြည့်ရှုပြီး ကျန်းမာရေးအတွက် တာဝန်ယူထားခဲ့၏။

သို့သော် နုငယ်ဆိုတဲ့ ထိုကလေးမကတော့ ခေတ်မီဆေးဝါးများပင်မလိုအပ်ပါဘဲ အချိန်ခဏအတွင်းမှာပင် ခင့် ဒဏ်ရာတွေကို သက်သာလာအောင် ကုစားနိုင်ခဲ့ပုံရ၏။
အခုလည်း ခင်တစ်ယောက် အဖျားပျောက်ခါစမှာပင် လေပြင်းသည့် သစ်ပင်အောက်မှာ ငုတ်တုတ်လေး ထိုင်နေပြန်ပြီလေ။

"ခင်... ကိုယ့်ကို ပြောစရာတစ်ခုခု မရှိဘူးလား "

"ရှင်"

"ခင် ပြောချင်တာရှိရင် အားလုံးပြောလို့ရတယ်နော်"

ခင်နန်း တွေးတွေးဆဆလေး ဖြစ်သွားပြီး အနည်းငယ် အံ့အားသင့်သွားဟန် ပေါ်လာသော်လည်း ခဏအကြာတွင် ပြန်လည် ငြိမ်သက်သွား၏။

ထို့နောက် သူ့ပေါ် ဖြန့်ကျက်လာသော ညနေခင်း၏ ဝါကျင့်ကျင့် နေရောင်ခြည်ကို နွေးထွေးစွာ လက်ခံကြိုဆိုနေသလို အသက်ပြင်းပြင်း တချက်ရှူသွင်းလိုက်ပြီး ခေါင်းကို ဘယ်ညာရမ်းပြလေသည်။

နုငယ်ရဲ့ဆရာမ သို့မဟုတ် ဆရာမရဲ့နုငယ်(Completed)Where stories live. Discover now