အပိုင်း - ၇၅ { အဆုံးသတ်တိုက်ပွဲ ၊ ပဉ္စမပိုင်း }

3.2K 701 63
                                    

အပိုင်း - ၇၅

{ အဆုံးသတ်တိုက်ပွဲ ၊ ပဉ္စမပိုင်း }

ကျိုးကျစ်ရှူးမှာ အံ့အားသင့်သွားကာ အတန်ကြာသွားခါမှ အထစ်ထစ်အငေါ့ငေါ့ ပြောလာနိုင်ခဲ့သည်။

"မင်း....မင်းပြောတာ ဘယ်သူ? လျန်ကျိုရှောင်း?"

ထျဲန်းချွမ်းဂိုဏ်းသားက ခေါင်းညိတ်ပြလာသည်။ တစ်ဖက်လူ၏ လူ့အရေပြားမျက်နှာဖုံးသည်ပင် ထိုသူ၏ ​ယူကြုံးမရဖြစ်နေမှုများအား ဖုံးဖိထားနိုင်စွမ်းမရှိမှန်း တွေ့လိုက်ရသောအခါ ထိုဂိုဏ်သားလေးကလည်း လျင်မြန်ပါးနပ်စွာပင် ခေါင်းငုံ့ထားလိုက်လေ၏။

ဟယ့်လျန်ရိက တိုးညှင်းစွာ ချောင်းဟန့်လိုက်ကာ ဆိုလာသည်။

"ကျစ်ရှူး၊ မင်း သူ့ကို တစ်ချက်လောက် သွားကြည့်ကြည့်ဦးမလား"

ကျိုးကျစ်ရှူးက ဟယ့်လျန်ရိ၏အကြည့်များကို အံ့အားသင့်စွာပင် တိတ်တဆိတ်ကြည့်လာခဲ့သည်။ ထို့နောက် ထျဲန်းချွမ်းဂိုဏ်းသားလေးပြန်ထွက်သွားရန် ကျိုးကျစ်ရှူးက အချက်ပေးလိုက်ကာ ကျင်ချီးလည်း သက်ပြင်းချလာခဲ့သည်။

"ကျစ်ရှူး၊ မင်း သူ့ကို သွားချောင်းကြည့်သင့်တယ်။ မင်းကြီးနဲ့အတူ ငါ ဒီမှာရှိနေပေးမယ်"

ဟယ့်လျန်ရိက သူ့အား မျက်စောင်းထိုးလာ၏။

"မင်းရှိရှိ မရှိရှိ အတူတူပါပဲ။ ကိုယ်တော့်ကို ကာကွယ်ပေးဖို့အတွက် မင်းကို အားကိုးနေရမယ်ဆိုရင် ပိုးဖြူစတစ်ထည်ရှာပြီး ကျိုးနေတဲ့သစ်ပင်အိုမှာ ကိုယ့်ကိုယ်ကို ကြိုးဆွဲချသေတာကမှ ပိုမြန်ဦးမယ်"

ကျင်ချီးက တည်ကြည်လေးနက်စွာသာ ဆိုလာခဲ့သည်။

"ဒါကတော့ မှားယွင်းသော မိန့်ဆိုခြင်းပါ၊ အရှင်မင်းကြီးဘုရား။ ကုလားထိုင်တစ်ခု သို့မဟုတ် စားပွဲတစ်ခုကတောင် ရောက်လာတဲ့ဓားချက်ကို ကာကွယ်ဖို့ အသုံးချခံရတာပါပဲ။ ကျွန်တော်မျိုးက ထွားကြိုင်းသန်မာခြင်းမရှိပေမယ့် ဒီအရွယ်အစားရှိတဲ့ လူသားအရှင်လတ်လတ်တစ်ယောက်က အသားဒိုင်းတစ်ခုအနေနဲ့ လုပ်ဆောင်ပေးနိုင်ပါသေးတယ်"

အရှင်ခုနစ် Where stories live. Discover now