That Spring

10 0 0
                                    

"မိညောင်မနေ့ကဆုံးသွားပြီ။ သူလည်းအသက်ကြီးပြီလေ"

မနက်က အစ်မပြောလာသည့်စကား။ ကြောင်တစ်ကောင်အနေနှင့် မိညောင်သည် အသက်ရှည်ရှာပါသည်။ ကျွန်မတို့ စတွေ့စဉ်က မိညောင်သည် ကလေးအရွယ်သာသာမျှသာ ရှိဦးမည်။ ပြေး၍လွှား၍ဆော့၍ကောင်းစဉ်အရွယ်လေး။ အချိန်တွေသည် ကုန်တာမြန်လွန်းသည်။ မိညောင်လည်း ဆုံးပြီ။ ကျွန်မလည်း အသက်တွေကြီးလာပြီ။ အင်း .... အပြောင်းလဲဆုံးကတော့ အစ်မပါပဲ။

~•

လွန်ခဲ့တဲ့ခြောက်နှစ် နွေဦးတွင် ကျွန်မစာသေချာလုပ်နေရပြီ။ ခြောက်တန်းကျောင်းသူတစ်ယောက်အ‌နေနှင့် ကျောင်းစာသည်မများပေမယ့်လို့ အတန်းတင်စာမေးပွဲဖြစ်သည့်အတွက် အားတော့ထုတ်ရပါသည်။

ခေါင်းတစ်ချက်ငဲ့လိုက်ရုံနှင့် လမ်းမကိုမြင်ရသည့်ကျွန်မ၏ စာကြည့်စားပွဲနေရာက တစ်ချက်တစ်လေတော့ဖြင့် ကျွန်မအား အာရုံပျံ့လွင့်စေပါသည်။

သိပ်မကြာလိုက်မီမှာတွင် ကျွန်မတို့ အိမ်ရှေ့မြင်ကွင်းထဲသို့ ကြောင်လေးတစ်ကောင်ပေါ်လာသည်။ ဘယ်အရပ်ကရောက်လာမှန်းမသိသည့် လည်ပတ်လေးနှင့် မီးခိုးရောင်ကြောင်လေးသည် ကျွန်မတို့ အိမ်ရှေ့က ခရေပင်ရင်းအား ပွတ်သပ်နေခဲ့ပါသည်။ ခရေပွင့်ဖြူလွလွတို့နှင့်အတူ သူ့လည်ပတ်ဖြူဖြူကလည်း ပနံရနေသည်။ ကြောင်မလေးဖြစ်ဟန်တူသည်။

အဆုတ်သိပ်မကောင်းတဲ့ ဖေဖေကြောင့် တိရိစ္ဆာန်ချစ်ပေမယ့် အိမ်တွင်ဘာတိရိစ္ဆာန်မျှ မွေးလို့မရသည့်ကျွန်မအား အနှီမီးခိုးရောင်ကြောင်လေးက ဆွဲဆောင်သည်။ စာကိုအာရုံမစိုက်နိုင်တော့သည့်အဆုံး ကျွန်မအိမ်ရှေ့သို့သာထွက်လာလိုက်တော့သည်။

လူယဉ်သောထိုကြောင်လေးက အနားရောက်လာသောကျွန်မကိုလည်း ပွတ်သပ်သည်။ ခရေပင်ခြေရင်း၌ ဆောင့်ကြောင့်ထိုင်ပြီး ကြောင်လေးနှင့်ဆော့နေသော ကျွန်မမြင်ကွင်းအတွင်းသို့ ဝင်လာခဲ့သည်က ကတ္တီပါဖိနပ်အညိုရောင်လေးနှင့် ခြေချောင်းဖြူဖြူသန့်သန့်လေးတွေ။ ကျွန်မမော့ကြည့်လိုက်တော့ ထိုခြေချောင်းလှလှလေးတွေ၏ပိုင်ရှင် မိန်းမပျိုတစ်ဦးကိုတွေ့သည်။ မျက်ခုံးညွတ်ညွတ် မျက်တောင်စိတ်စိတ်‌တွေအောက်က မျက်ဝန်းညိုညိုတွေဟာ မေမေပြောဖူးတဲ့ ကရုဏာမျက်လုံးဆိုသည်ပင်ဖြစ်လိမ့်မည်။ စတွေ့သည့်ခဏမှာပင် ပြုံးရိပ်ပါသည့် အနှီညှို့မျက်ဝန်းတစ်စုံသည် အကြည့်မလွှဲနိုင်လောက်အောင်အထိ ပြုစားသည်။ မှော်တုတ်တံ‌တွေမပါဘဲလည်း ‌ပြုစားလို့ရနိုင်ကြောင်း ၁၂ နှစ်အရွယ် ကလေးမလေးတစ်ယောက် သင်ယူခဲ့ရသည်။

That SpringWhere stories live. Discover now