အခန်း (၂) ရထားဘူတာရုံ

255 43 13
                                    

[Unicode]

"လော်ရိရှန်း.."

"လော်ရိရှန်း အလုပ်ဆင်းတော့မလို့လား.."

"လော်ရိရှန်း ဂရုစိုက်ပြန်ပါ.."

ယ​နေ့အဖို့ Child Ward ထဲ နောက်ဆုံးအချိန် round လှည့်ပြီးချိန်၌ တာဝန်ကျသူနာပြုဆရာမလေးများက အသီးသီး နှုတ်ဆက်လာကြ၏။

"ဆရာမတို့ ပင်ပန်းသွားကြပြီ
တာဝန်ကျေလိုက်ကြပါဦး"

ယွင်ရှီးလည်း ခေါင်းငြိမ့်အသိအမှတ်ပြုကာ နှုတ်ဆက်စကားဆိုပြီးနောက် သူ့ရုံးခန်းဆီသို့ ပြန်လာခဲ့သည်။

သူ ပြတင်းပေါက်ဖွင့်ခဲ့မိပုံရသည်။ ရုံခန်းတံခါးကိုဖွင့်လိုက်သည့်နောက် အေးမြသည့်ညလေက မျက်နှာဆီ လာရောက်တိုးဝှေ့လာ၏။ ယွင်ရှီး အခန်းထဲသို့ဝင်လိုက်ပြီး ဂျူတီကုတ်ကိုချွတ်ကာ ချိတ်တွင်ချိတ်လိုက်ပြီးမှ စားပွဲရှေ့ရှိထိုင်ခုံ၌ ဝင်ထိုင်မိသည်။

သိပ်မလွယ်ကူလှသည့် တစ်နေ့တာမှာလည်း ပြီးဆုံးသွားပြန်ချေပြီ။

ယနေ့သည်ကား နံနက်စောစောကတည်းက အကြီးစားခွဲစိတ်မှုနှင့် ကြုံရလေသည်။ ယွင်ရှီး ညဂျူတီ ထွက်ထွက်ချင်း အရေးပေါ်ဌာနသို့ရောက်လာသည်ကား ခြောက်နှစ်အရွယ်ကလေးငယ်တစ်ဦး တိုက်ခန်းလှေကားမှလိမ့်ကျသည့်သတင်းပင်။ နံရိုးကျိုးသွားကာ အဆုတ်ကိုထိသွားသည်မို့ သူကပင် အရေးပေါ်ခွဲစိတ်မှုကို ချက်ချင်းလုပ်လိုက်ရ၏။

ထို့နောက် ကလေးငယ်၏ အခြေအနေကို စောင့်ကြည့်ရန်အလို့ငှာ တစ်နေကုန် ဌာနထဲမှ မခွာနိုင်ပြန်။ညနေပိုင်းရောက်သည့်အခါ ကလေးငယ်၏ အခြေ​အနေ စိတ်ချရသည့်အချိန်မှသာ အိမ်ပြန်ဖို့ တွေးရဲတော့တာဖြစ်သည်။

လေတိုးသံခပ်ညင်းညင်းမှတစ်ပါး တိတ်ဆိတ်နေသည့် ရုံးခန်းလေထုကို ရုတ်တရက် ဖုန်းမြည်သံက ဖြိုခွင်းလိုက်၏။ ခေါ်ဆိုသူက ဆေးရုံ၏ ဒါရိုက်တာ ချောင်ကျီဖြစ်လေသည်။ ယွင်ရှီး နေရာက ထလိုက်ပြီးနောက် အပေါ်ဝတ်ကုတ်ကို ထပ်ဝတ်လိုက်ကာ ပြတင်းပေါက်တံခါးပိတ်လိုက်ပြီး ဒါရိုက်တာရုံးခန်းဆီကို လှမ်းခဲ့တော့သည်။

Yī Shēng Yī Mèng [一生一梦]Donde viven las historias. Descúbrelo ahora