အခန်း (၁၃) မမျှော်လင့်သောထိခိုက်မှု

148 31 16
                                    

[Unicode]

နံရံတွင်ချိတ်ဆွဲထားသည့် အဝါနုနုဖန်မီးလုံးလေးများ။ မျက်နှာကြက်မှ တွဲလောင်းကျနေသည့် ဖန်မီးဆိုင်းကြီးဆီက ဖြူလွှလွှအလင်းရောင်။ ပတ်ဝန်းကျင်တစ်ခွင်၌ နှင်းဆီပန်းရနံ့က ခပ်သင်းသင်း မွှေးပျံ့နေ၏။

စားသောက်ဆိုင်အတွင်း အတော်အသင့် လူရှုပ်နေပေမယ့် အမျိုးသားနှစ်ဦး မျက်နှာချင်းဆိုင်ထိုင်နေတဲ့ဝိုင်းက သူတို့တစ်ဝိုင်းသာရှိသည်။ ဆိုင်ရဲ့ အနည်းငယ် ထောင့်ကျကျနေရာလေးမှာ romantic ဖြစ်သည့် အပြင်အဆင်နှင့် ဆန့်ကျင်စွာပင် ယွင်ရှီးစိတ်အစဥ်က လေးလံလျက်ရှိ၏။ မျက်စိရှေ့ စားပွဲပေါ်မှာတော့ အနီရောင်ဖယောင်းတိုင်တို့၏ မီးညွန့်မီးလျှံတို့ တမြေ့မြေ့ လောင်ကျွမ်းနေကြလေသည်။

မျက်နှာချင်းဆိုင်မှာရှိနေတဲ့ အမျိုးသားက steak ဟင်းလျာကို အနေတော် အသားတုံးလေးများဖြစ်အောင်လှီးဖြတ်ပေးလျက်ရှိသည်။ ထို့နောက် အသင့်ဖြစ်ပြီးသား စားသောက်ဖွယ်ကို ယွင်ရှီးရှေ့သို့ တည်ခင်းပေးလာ၏။

"ကျေးဇူးပါ"

လောကွတ်စကားပြောလိုက်ရပေမယ့် သူ့စိတ်ထဲ နေရတာ မသက်သာတော့။ ဒီလူ့ကို ဘာလို့ ဒီလိုတွေ လုပ်နေရသလဲဆိုတာ မေးချင်သည်။

ကမ်းခြေက ပြန်လာတဲ့လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေတဲ့သူက မြို့ထဲကိုရောက်တော့ ညစာစားရအောင်ဟုဆိုကာ စားသောက်ဆိုင်တစ်ခုကို ဝင်သည်။ အမှန်အတိုင်းပြောရရင် ယွင်ရှီး ညစာစားဖို့ကိုတောင် မေ့နေတဲ့အထိ သူ့ကို အရိပ်တကြည့်ကြည့် အကဲခတ်နေမိတာဖြစ်သည်။

သို့သော် ဆိုင်ထဲကိုရောက်တဲ့အခါ ပြောင်းလဲသွားတဲ့ အမူအရာနဲ့ ဟင်လျာတွေကို သွက်သွက်လက်လက် မှာယူပြီးတော့ ယွင်ရှီးအတွက် လုပ်ကိုင်ပေးလာတဲ့သူက စောစောကပုံစံနဲ့ တခြားစီဖြစ်သွားပြန်သည်။

"ယွင်ရှီး"

ခက်ရင်းကို ကြွေပန်းကန်ပြားပေါ် အသာချပြီး ဝိုင်နီတစ်ခွက်ငှဲ့ပေးလာတဲ့သူက ယွင်ရှီးကိုခေါ်ပြန်သည်။ တစ်ဖက်လူဆီ အကြည့်ရောက်မိတော့ပြုံးပြလာသည့် မျက်နှာထားလေးက အပြစ်ကင်းစင်ဟန်။ ယွင်ရှီးကို ဒီလိုအတွေးများစေသူက သူ မဟုတ်သည့်အတိုင်း။

Yī Shēng Yī Mèng [一生一梦]Où les histoires vivent. Découvrez maintenant