Unicode
"အပ်မှို....ငါးကင်....ချိစ်....ပြောင်းဖူးကင်....၀က်ခေါက်ကြော်....ကြက်တောင်ပံ......"
စားပွဲတွင်ချပေးသည့် အငွေ့တထောင်းထောင်းထွက်နေဆဲ စားစရာများကိုတစ်ခုချင်းလက်ညှိုးထိုးရေရွတ်နေသည့် ကောင်လေးကိုကြည့်ရင်း ဝေလင်းရှိန် အရှေ့ ခုံတွင်၀င်ထိုင်လိုက်သည်။
"အများကြီးပဲ ဦးဝေ"
"အင်း...အရက်သမားလေးအတွက်"
သူ့ကိုအရက်သမားခေါ်လို့ မျက်လုံးတစ်ချက်၀င့်ကြည့်ကာနှာခေါင်းလေးရှုံ့ပြသည့် ကောင်လေးကြောင့် ဝေလင်းရှိန်ပြုံး လိုက်မိသည်။ သူရိန်၏ တောင်းဆိုမှုဖြင့် ဒီနေ့တစ်ရက် ဒီကောင်လေးကို ဝေလင်းရှိန်အရက်သမားလုပ်ခွင့်ပေးရတော့မည်။ နှစ်ယောက်တည်းသောက်ချင်ပါတယ်လို့တောင်းဆိုသည်ကြောင့်လည်း အိပ်ခန်းထဲထိ စားစရာများနှင့် အရက်ပုလင်းပါရောက်နေပြီဖြစ်သည်။ တခြားသူလုပ်ပေးသည်ထက် ဝေလင်းရှိန်လုပ်ပေးသည့်အစားအစာဆိုလျှင် ခေါင်းမဖော်တမ်း ပြောင်စင်အောင်စားတတ်သည်ကြောင့် ဒီနေ့လည်း ထိုအရက်သမားလေးမြည်းဖို့ အမြည်းအစုံအလင်ကို ကိုယ်တိုင်မီးဖိုခန်း၀င်လုပ်ပေးထားရခြင်းဖြစ်သည်။ သောက်ဖို့ထက် စားသည့်ဖက် ပိုအာရုံရောက်စေချင်သည်ကြောင့်လည်းပါသည်ပြောရမည်။
"ဦးဝေ"
"အင်း"
"အရမ်းခါးလား ဟင်"
"ကိုယ် ဆိုဒါရောပေးမယ်။ alcohol 40% မလို့ အများကြီးသောက်လို့မရဘူး။ ပြီးတော့ နောက်တစ်ကြိမ် အရက်ထပ်မသောက်ရတော့ဘူး။ လုံး၀ရှောင်လွှဲမရတဲ့ အခြေအနေဆိုရင်တော့ ကိုယ်ဘေးနားရှိပေးမယ်"
"ဟုတ်"
ဖန်ခွက်အကြည်ထဲ ၀ီစကီ အနည်းငယ်နှင့် ဆိုဒါများများရောပေးကာ အရှေ့ချပေးသည်အထိ လိုက်ကြည့်နေသည့်ကောင်လေးက ဝေလင်းရှိန် ပြောသည်ကိုလည်း အာရုံစိုက်နားထောင်နေ၏ ဝေလင်းရှိန်ကိုယ်တိုင်ကတော့ ရေခဲ ၂ တုံးကောက်ထည့်ကာ အရည်အနည်းငယ်ပျော်အောင်ထိုင်စောင့်နေလိုက်သည်။
အရက်သေစာဟူသည် ဝေလင်းရှိန်နှင့် အရမ်းကြီးစိမ်းသက်သည့်အရာတော့ မဟုတ်။ လုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲတို့တွင် မဖြစ်မနေသောက်ရသည့်အခါမျိုးများလည်းရှိ၏ ထိုသို့သောက်ရသည့်အခါမျိုးများသည် အိမ်ထောင်မကျခင်က ပြဿနာတစ်စုံတစ်ရာမရှိပေမယ့် သူရိန်နှင့် အတူနေသည့်အချိန်မှစ ဝေလင်းရှိန်ဆင်ခြင်ရတော့သည်။ အိမ်ပြန်ရောက်တိုင်း ထွက်ကြိုတတ်သည့် ကောင်လေးကို ဝေလင်းရှိန်ခန္ဓာကိုယ်တွင်စွဲထင်လာမည့် အရက်သေစာနံ့များမရရှိစေချင်။ ထို့ကြောင့် ထိုအရာတို့နှင့် ကင်းကွာအောင် အတတ်နိုင်ဆုံး ရှောင်လွှဲ ပြီး ရှောင်လွှဲမရသည့်အခြေအနေကြုံသည့်အခါများတွင်လည်း အိမ်မပြန်ခင် ရုံးခန်းတစ်ခေါက်၀င်ကာ အ၀တ်အစားပြန်လဲ တတ်သည်။ ထိုသို့ ဝေလင်းရှိန် လုပ်ငန်းဆိုင်ရာ ပွဲများသွားသည့်အခါမျိုးတွင် မင်းမာန်ကလည်း အလိုက်တသိ ၀တ်စုံသစ်တစ်စုံ၀ယ်ကာ အမြဲ စောင့်ပေးနေတတ်သည်။