Unicode
နောက်တစ်ရက်နိုးတော့ ရှီရှန်းခမျာ ဆွံ့အသွားခဲ့သည်။
‘ချင်းဟန်က ဘယ်လိုလုပ်အကြီးကြီးဖြစ်သွားရတာလဲ..?’
ပတ်ဝန်းကျင်တစ်ခုလုံးက အရင်ကထက် အဆမတန်ကြီးမားနေသလိုပဲ။ ချင်းဟန်က သူမကို သူ့ရဲ့လက်မောင်းကြားမှာပွေ့ဖက်ထားတာကြောင့် အဆုံးမရှိတဲ့နွေးထွေးမှုတွေကို ခံစားလိုက်ရတယ်။ ရှီရှန်းက သူမရဲ့လက်သည်းလေးတွေသုံးပြီး ခပ်ဖွဖွကုတ်ခြစ်လိုက်တော့ ချင်းဟန်က ငုံ့ကြည့်လာခဲ့တယ်။
‘ဘယ်တုန်းက သူ,ဒီလိုမျိုးကြည့်တတ်သွားတာလဲ..? ငါဘာမှမသိလိုက်ဘူး.. ကြောက်ဖို့ကောင်းလိုက်တာ..’
“မနက်မိုးလင်းရင် မင်းအတွက် လူသားအသွင်ပြန်ပြောင်းနိုင်မယ့်နည်းလမ်း ရှာပေးမယ်..”
ချင်းဟန်ရဲ့အသံက တိုးရှစွာထွက်ပေါ်လာခဲ့တယ်။
ရှီရှန်းက သူ့ရဲ့လက်ဖဝါးကိုကုတ်ခြစ်ပြန်တယ်။ သူမရဲ့သည်းခံနိုင်စွမ်းကို ကျော်လုနီးပါးဖြစ်နေခဲ့ပြီ…
‘လူသားတွေနဲ့မိစ္ဆာတွေ ချစ်ကြိုက်လို့မရဘူးဆိုတာ အမှန်ပဲထင်တယ်..’
ချင်းဟန်က သူမရဲ့ကျောပြင်ကိုပွတ်သပ်ပေးနေရင်း အိစက်စက်အမွှေးတွေကြောင့် ရပ်တန့်လို့မရခဲ့ဘူး။ မိစ္ဆာဖြစ်နေတော့ သဘာဝရဲ့အကျင့်စရိုက်ကို ဖျောက်ဖျက်လို့မရတဲ့ရှီရှန်းလည်း စိတ်ကျေနပ်စွာညည်းတွားလိုက်တယ်…
“ထပ်ပြီးထိချင်သေးလည်းရတယ်..”
ချင်းဟန်ခမျာ ဆွံ့အသွားရပြန်တယ်။ သူမလေးက လူသားအသွင်နဲ့ သူ့လက်မောင်းကြားမှာလဲလျောင်းနေပြီး ထပ်ထိပေးဖို့ပြောနေပုံလေးကို စိတ်ကူးမယဉ်ပဲမနေနိုင်ခဲ့ဘူး။ ဦးခေါင်းတစ်ခုလုံး ပူထူလာပြီး သွေးတွေဆူပွက်လာသလိုပဲ။
ချင်းဟန်လည်း လက်ပြန်ရုတ်လိုက်ပြီး ရှီရှန်းကို ခပ်ဝေးဝေးတွန်းပို့လိုက်တယ်။ ရှီရှန်းကတော့ ချင်းဟန်ရဲ့လက်မောင်းကြားမှာ သဘောခွေ့နေခဲ့တာ။ သူမရဲ့ခန္ဓာကိုယ်ကို လုံးနေအောင်ခွေထားပြီး ထပ်ထိခိုင်းချင်နေမိတယ်။
‘သက်သောင့်သက်သာမရှိလိုက်တာ.. ငါလေးကိုပွတ်သပ်ပေးဖို့ တစ်ယောက်ယောက်လိုအပ်နေပြီ..’
နောက်ဆုံးတော့ ရှီရှန်းက သူမရဲ့လက်ဖဝါးလေးကိုသုံးပြီး ပွတ်သပ်လိုက်တယ်။ ဒါပေမဲ့ လက်တိုတိုလေးတွေက သူမရဲ့ကျောဘက်ကိုမရောက်ခဲ့ဘူး။
“ချင်းဟန်.. ကျွန်မကိုကုတ်ပေးပါဦး.. နေရခက်တယ်..”
ရှီရှန်းက ချင်းဟန်ကို လက်ကလေးနဲ့တို့ထိပြီး ပြောလိုက်တယ်။
ဖောင်းအိနေတဲ့လက်ကလေးတွေက သူ့လက်ကိုလာပုတ်တော့ ချင်းဟန်လည်းသက်ပြင်းချလိုက်ပြီး…
“ဘယ်နေရာလဲ..?”
“ကျောကုန်း..”
‘အရမ်းယားတာပဲ.. သားရဲသတ္တဝါဖြစ်ရတာ တကယ့်ကိုအလုပ်ရှုပ်တယ်..’
ချင်းဟန်က သူမရဲ့နောက်ကျောကို ညင်သာစွာပွတ်သပ်ပေးလာတော့ ရှီရှန်း မျက်လုံးမှိတ်ပြီးဇီမ်ခံလိုက်တယ်။
‘တစ်ယောက်ယောက်က ငါ့ကိုပွတ်သပ်ပေးဖို့ရှိနေတာ အရမ်းကောင်းတာပဲ.. အခုတော့ အိမ်မွေးသတ္တဝါလေးတွေ ဘာလို့ပွတ်သီးပွတ်သပ်လုပ်ရတာကို ကြိုက်သလဲဆိုတာ ငါနားလည်ပြီ..’
ဖွီး..
ငါကဘာလို့ အိမ်မွေးတိရစ္ဆာန်တွေရဲ့ခံစားချက်ကို နားလည်ရမှာလဲ..?
“ကျွန်မတို့ ဘယ်သွားကြမလို့လဲ..?”
ရှီရှန်းက ချင်းဟန်,တစ်နေရာကိုသွားချင်နေတယ်ဆိုတာကို သတိထားမိလိုက်တယ်။
‘ဘယ်လိုသွားရမလဲဆိုတာ သူ,သိလို့လား..?’
“ဝမ်ရှန်းဂိုဏ်း..”
ရှီရှန်းဆွံ့အသွားရတယ်။ ခေါင်းကုတ်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အရမ်းစိမ်းသက်နေပြီး မူလကိုယ်ရဲ့မှတ်ဉာဏ်ထဲမှာတောင် ရှာမတွေ့ဘူး။ ရှီရှန်းကိုယ်တိုင်လည်း ဒီသောက်ကျိုးနည်းနေရာက ဘယ်ရောက်နေသလဲဆိုတာကို မသိတော့ဘူး။
ဒါပေမဲ့ လန်တောင်လိုနေရာမျိုးမှာတောင် လမ်းပျောက်တတ်တဲ့ ချင်းဟန်ကိုတွေးမိလိုက်တော့ သူမတို့လက်ရှိရောက်နေတဲ့နေရာက ဝမ်ရှန်းဂိုဏ်းနဲ့အတော်လေးဝေးနေမှန်း အလိုလိုခံစားမိလိုက်တယ်။ ဘယ်လိုသွားရမလဲမသိတာကြောင့် ရှီရှန်းလည်း ငြိမ်နေလိုက်တော့တယ်။
………………………………
ညနက်လာတော့ အနားယူနိုင်မယ့်နေရာတစ်ခုကို သူတို့နှစ်ယောက်ရှာတွေ့ခဲ့တယ်။ ရှီရှန်းက သူ့ရဲ့လက်မောင်းကြားကနေ ပုခုံးပေါ်ကိုကုတ်တက်လိုက်ကြောင့် သူမရဲ့အမွှေးနုနုလေးတွေက ချင်းဟန်ရဲ့လည်ပင်းကို ပွတ်တိုက်သွားခဲ့တယ်။
‘ယားလိုက်တာ..’
ရှီရှန်းက သူမရဲ့အမြီးနဲ့ ချင်းဟန်ရဲ့လည်ပင်းကိုရစ်ပတ်လိုက်ပြန်တော့ ချင်းဟန်ခမျာ တခနမျှ အသက်ရှူရပ်တန့်သွားသလိုပဲ။ သူမကိုအောက်ပြန်ချပြီး လက်မောင်းကြားမှာ ပြန်လည်ပွေ့ဖက်ထားလိုက်တယ်။ ရှီရှန်းလည်း ဘောလုံးလေးလိုလုံးလိုက်ပြီး ချင်းဟန်ရဲ့လက်မောင်းကြားမှာအိပ်စက်ဖို့ ပြင်ဆင်လိုက်တယ်။
ချီစွမ်းအားဆုံးရှုံးခဲ့တာကြောင့် အများကြီးအနားယူဖို့ လိုအပ်တယ်လေ…
ချင်းဟန်က သူ့ရဲ့အပေါ်ထပ်နဲ့ သူမလေးကိုလေမတိုးအောင် ကာထားပေးလိုက်တယ်။ သူတို့နှစ်ယောက်,မဖြစ်နိုင်ဘူးဆိုပေမယ့် စိတ်ဆန္ဒတွေက သူကိုယ်တိုင်တောင်ထိန်းချုပ်လို့မရနိုင်အောင်ပဲ။ သူမဆီက ပြုစားခံလိုက်ရတာများလား..? အဲ့တာကြောင့် ဒီလိုမျိုးရူးသွပ်နေတာလား..?
တစ်လခန့်ကြာပြီးနောက် သူမတို့ဘယ်နားရောက်နေပြီလဲဆိုတာကို ရှီရှန်းသိသွားပြီး ချင်းဟန်ကို စတင်လမ်းညွှန်ပေးလိုက်တယ်။ ချင်းဟန်ရဲ့ဝမ်ရှန်းဂိုဏ်းခရီးစဉ်က သူမ,မပြောပြသရွေ့ လမ်းပျောက်နေဦးမှာပဲ..
‘သူက အရပ်မျက်နှာတွေကို တကယ်မသိတာလား..?’
ရှီရှန်းက မြေခွေးလေးအသွင်ဖြင့် ဝမ်ရှန်းဂိုဏ်းကိုရောက်ရှိသွားတော့တယ်။ ချင်းဟန်ပြန်ရောက်လာတာနဲ့ ဂိုဏ်းချုပ်ကအစ ဝမ်ရှန်းဂိုဏ်းသားအကုန်လုံး လာရောက်ကြိုဆိုနှုတ်ဆက်ကြတော့တယ်။
“အရှင်သခင်ချင်းဟန်..”
အဖွဲ့လိုက် ညီညီညာညာဂါဝရပြုနေတဲ့မြင်ကွင်းက အနည်းငယ်ရှိန်လောက်စရာပဲ။ ရှီရှန်းက ခေါင်းမော့ပြီးချောင်းကြည့်လိုက်တယ်။ ဒါပေမဲ့ ချင်းဟန်က သူမကိုပြန်ဖိထားလိုက်တယ်။ ထို့နောက် တခြားလူတွေကို အေးစက်စက်ခေါင်းညိတ်ပြလိုက်ပြီး တောင်တစ်လုံးရှိရာပျံသန်းသွားလိုက်တယ်။
ထိုတောင်က ချင်းဟန်နေတဲ့နေရာဖြစ်ပြီး ထူးခြားတဲ့အမှတ်အသားတစ်ခုရှိနေတာကြောင့် ဒီတစ်ခါတော့ ချင်းဟန်လမ်းမပျောက်ခဲ့ဘူး။
ချင်းဟန်ထွက်သွားတာနဲ့ ဂိုဏ်းတပည့်တွေက စတင်ဆွေးနွေးကြတော့တယ်။
“သူတစ်ခုခုကို သယ်လာခဲ့တာမလား..?”
“ငါတော့ သေသေချာချာမမြင်လိုက်ဘူး..”
‘သူက အင်္ကျီလက်နဲ့ကာထားတာဟ.. ငါမြင်တာဆိုလို့ ဖောင်းဖောင်းအရာလေးတစ်ခုပဲ..’
“ဂိုဏ်းချုပ်.. အရှင်သခင်ချင်းဟန်ပြန်ရောက်လာပေမယ့် ဝူချန်.. သူ..”
ဝူဟန်က ဆက်ပြောဖို့တုံ့ဆိုင်းနေခဲ့တယ်။
‘ဘာပဲပြောပြော ဝူချန်က အရှင်သခင်ချင်းဟန်ရဲ့ တစ်ဦးတည်းသောတပည့်လေ..’
“ငါတင်ပြလိုက်မယ်.. သွားကြတော့..”
ဂိုဏ်းချုပ်က လက်ဝှေ့ရမ်းပြီးပြောလိုက်တယ်။
…………………………….
ချင်းဟန်က ဂိုဏ်းကိုပြန်မလာတာ အတော်ကြာခဲ့ပြီဆိုတော့ တောင်ထိပ်အဆောင်ကို ဘယ်သူမှမရှင်းလင်းထားကြဘူး။ ကံကောင်းချင်တော့ တောင်ကမြင့်တာကြောင့် ဖုန်သိပ်မရှိဘူး။ ရှီရှန်းကို သူ့ဘေးနားကခုတင်ပေါ်တင်ပေးလိုက်ပြီး သန့်စင်မန္တာန်သုံးကာ သန့်ရှင်းရေးလုပ်လိုက်တယ်။
“ဒါက မင်းအတွက်အခန်းပဲ..”
ရှီရှန်းက လက်ကလေးကိုဝှေ့ရမ်းလိုက်ပြီး..
“ကျွန်မက ရှင်နဲ့အတူတူနေချင်တာ..”
“မရဘူး.. အမျိုးသားနဲ့အမျိုးသမီးကြားမှာ အကွာအဝေးတစ်ခုရှိသင့်တယ်..”
ချင်းဟန်က ငြင်းဆန်လိုက်တယ်။
ရှီရှန်းကထရပ်လိုက်ပြီး အမြီးလေးမြှောက်ကာ ခုတင်ပေါ်လမ်းလျှောက်နေရင်း..
“ဒါပေမဲ့ ကျွန်မကမြေခွေးလေးလေ..”
“မရဘူး..”
ရှီရှန်းက ခုတင်ပေါ်ကနေ ချင်းဟန်ဆီကိုခုန်တက်လိုက်ပြီး..
“အရမ်းအေးတယ်.. ရှင်နဲ့ပဲအတူတူနေချင်တယ်..”
ချင်းဟန်က သူမကိုလျစ်လျူရှုထားတာကြောင့် ချင်းဟန်ရဲ့ပုခုံးကို တွယ်ကုတ်ထားလိုက်ရတယ်။ ချင်းဟန်က သူမကိုငြင်းဆန်နေတုန်းပဲ။
“မရဘူး.. မင်းအတွက် အစီအရင်တစ်ခုလုပ်ပေးမယ်.. အဲ့တာဆိုမအေးတော့ဘူး..”
‘လုံလောက်ပြီ..’
ရှီရှန်းက လက်ဝှေ့ရမ်းလိုက်ပြီး ချင်းဟန်ရဲ့ပုခုံးကို ကုတ်ခြစ်ပစ်လိုက်တယ်။
“အစ်ကိုချင်းဟန်.. ဝူကျင်းကို တွေ့ခွင့်ပြုပါ..”
အသံတစ်ခုက အပြင်ကနေပျံ့လွင့်လာခဲ့တယ်။ ဂိုဏ်းချုပ်ရဲ့အသံပဲ။ ချင်းဟန်က ရှီရှန်းကိုအောက်ပြန်ချလိုက်ပြီး..
“ဒီမှာပဲနေနော်.. အပြင်ထွက်မလာခဲ့နဲ့..”
‘ရှင့်စကားကို နားထောင်မယ်များထင်နေလား..? ဝေးသေး..’
ရှီရှန်းက အိပ်ရာပေါ်ကနေခုန်ချလိုက်ပြီး ချင်းဟန်နောက်ကို လိုက်သွားခဲ့တယ်။ ဒါပေမဲ့ ချင်းဟန်က သူ,မထွက်သွားခင် အကာအကွယ်စည်းတစ်ခုချသွားခဲ့ပြီးသား။ ရှီရှန်းခုန်ထွက်လိုက်တော့ အကာအကွယ်စည်းကိုတိုက်မိပြီး ဖင်ထိုင်ရက်ပြုတ်ကျသွားတော့တယ်။
ချင်းဟန်က တစ်ချက်လှည်ကြည့်ကြီး ထွက်သွားတော့တယ်..
‘အာ.. ငါကအရူးပဲ.. ဘယ်မှာလဲ ငါ့ရဲ့ဓား..?”
ဓားကပေါ်လာပေမယ့် ရှီရှန်းခမျာ ဓားကိုင်လို့မရပြန်ဘူး။
‘ငါက ဘာလို့သားရဲကောင်လေးဖြစ်သွားရတာလဲ..? ဘယ်အချိန်မှ လူသားအသွင် ပြန်ပြောင်းနိုင်မှာလဲလို့..း
ချင်းဟန်က ဂိုဏ်းချုပ်နဲ့တွေ့ဆုံပြီး သူပြောသမျှကို အေးစက်စက်နားထောင်လိုက်တယ်။ ဂိုဏ်းချုပ်လည်း စကားဆုံးအောင်ပြောလိုက်ပေမယ့် စိုးရိမ်ထိတ်လန့်နေရှာတယ်။
ချင်းဟန်က ဂိုဏ်းရဲ့စွမ်းအားအကြီးဆုံး ရတနာတစ်ပါးဆိုလည်းဟုတ်တယ်။ သူ့ရဲ့တပည့်ကတော့ ဂိုဏ်းထဲမှာ ပြဿနာတွေချည်းပတ်ရှာနေခဲ့တယ်။ သင်းက ဝမ်ရှန်းဂိုဏ်းရဲ့သိုးမည်းကောင်ပဲ…
ဝူချန်က သူ့ပြဿနာသူရှာသွားတာဆိုတော့ ဂိုဏ်းချုပ်က သူ့အမှားမဟုတ်ဘူးလို့တွေးလိုက်တယ်။
‘အစ်ကိုချင်းဟန်က အကျိုးအကြောင်းနားလည်တတ်တော့ နားလည်ပေးလောက်မှာပါ..’
ဂိုဏ်းချုပ်က သူ့ကိုယ်သူနှစ်သိမ့်လိုက်ပြီး စကားထပ်ပြောဖို့လုပ်လိုက်တဲ့အချိန် ကျယ်လောင်တဲ့အသံတစ်ခုက ရုတ်တရက်မြည်ဟည်းလာခဲ့တော့တယ်။
“ဘုန်း..”
မြေပြင်တောင်မှ အတော်ကြာအောင်လှုပ်ခါသွားခဲ့တယ်။ ဂိုဏ်းချုပ်နဲ့ချင်းဟန်တို့ အသံထွက်ပေါ်လာတဲ့နေရာကို လှည့်ကြည့်လိုက်တော့ မူလရှိနေခဲ့တဲ့အဆောက်အအုံတစ်ခုက ပျောက်ကွယ်သွားခဲ့လေပြီ…
ချင်းဟန်လည်း မျက်နှာပျက်သွားပြီး အလျင်အမြန်ပြေးသွားလိုက်တယ်။ ဂိုဏ်းချုပ်လည်း အူကြောင်ကြောင်နဲ့ သူ့နောက်နေလိုက်သွားလိုက်တယ်။
‘ဘယ်သူကများ အစ်ကိုချင်းဟန်ရဲ့နေရာကို ဖျက်ဆီးရဲရတာလဲ..? သတ္တိအရမ်းကောင်းတာပဲ..’
………………………………….
Translated by Melinoe_Megami