"happii baasudee! Nijiko sensei"
Nao ရဲ့ မွေးနေ့ဆုတောင်းစကားကြားမှ နေထိုင်လာရင်းနဲ့အသက် ၄၀ တောင်ပြည့်သွားပြီဆိုတာ သတိရတော့တယ်။ matcha cake အစိမ်းလေးပေါ်မှာ cream အနက်ရောင်နဲ့ရေးထားတဲ့ အမည်ကို ခပ်တွေတွေကလေးစိုက်ကြည့်နေမိတယ်။
Nijiko...
သက်တန့်ဝေရဲ့ဒုတိယဘဝ။
ဒုတိယဘဝလို့သုံးသင့်လား။ တတိယဘဝလို့သုံးသင့်လား။ ဘဝသစ်လို့သုံးသင့်လား ဝေခွဲမရ။ မြေနီလမ်းကြားက ခပ်တိုတိုတဲအိမ်ကလေးတွေ၊ လယ်ကွင်းထဲက နေဝင်ချိန်နဲ့နေထွက်ချိန် သဘာဝအလှတရားကို မက်မောခဲ့ဖူးလား။ ကူကယ်ရာမဲ့ပြီးလမ်းပျောက်နေခဲ့ရတဲ့ငယ်ဘဝမှာ သူပျော်ခဲ့ဖူးလား။ နောက်ဘဝကရော၊ အချစ်ဦးနဲ့ဆုံခဲ့ရတဲ့ဘဝ ဒါမှမဟုတ် အချစ်ဦးနဲ့ကွေကွင်းခဲ့ရတဲ့ဘဝလို့ခေါ်ရမှာလား။ သူပျော်ခဲ့တာသေချာပါတယ်။ ပျော်ခဲ့ရတာနဲ့ထိုက်တန်တဲ့နာကျင်မှုတွေလည်း ချစ်ရသူဆီကလက်ဆောင်ရခဲ့တာပါပဲ။ပါးပြင်ပေါ်ကျလုကျခင်ဖြစ်နေတဲ့မျက်ရည်ကို ဦးအောင်သုတ်ပေးတဲ့ Nao။
"Arigatoo"
မပြည့်မှန်းသိတဲ့ဆုတောင်းတွေကို ထပ်တလဲလဲတောင်းဆုပြုရင် ဘုရားသခင်နားကိုက်နေလောက်မယ်ထင်တယ်။ သေချာပေါက်ပြည့်စေချင်တဲ့ဆုတစ်ခုရှိတယ်။ ရောက်ရာအရပ်မှာ သူအဆင်ပြေပါစေ။
အဆင်ပြေပါစေဆုတောင်းမိတော့ အဆင်ပြေပြေမှရှိနေရဲ့လားတွေးမိပြန်တယ်။ သူတောင်အသက်အရွယ်ရလာလောက်ပြီ။ ရာသီဥတုဒဏ်ခံနိုင်ရဲ့လား။ အစာအာဟာရ မျှတအောင်စားရောစားဖြစ်ပါ့မလား။ ဆေးလိပ်တွေအရက်တွေရော ကြိုက်နေတုန်းပဲလား။ မသိချင်တော့ဘူးဆို သက်တန့်လိမ်ရာကျမှာပါ။
ရှုပ်ထွေးလာတဲ့အတွေးစတွေကို သက်ပြင်းချခြင်းနဲ့ ဖျောက်ပစ်လိုက်တယ်။ ခဏတာအတွက်။ မွေးနေ့မှာတောင် ပူပန်နေရတဲ့ကိုယ့်ကိုယ်ကို တခါတလေ ငဲ့ညှာချင်လို့။
ကိတ်ပေါ်ကခရင်မ်အချို့ကိုလက်နဲ့သုတ်ယူပြီး ကလေးလေး Nao ရဲ့နှာခေါင်းပေါ်တင်လိုက်တယ်။ Nao ရဲ့ရယ်သံ၊ ကိတ်ကရတဲ့ matcha ရနံ့၊ အရည်ပျော်ကျနေတဲ့ဖယောင်းတိုင်တွေကခပ်သင်းသင်းရနေတဲ့ဖယောင်းနံ့။