"ဆောရီးညီမ...အစ်ကိုက ________"
အကြင်နာမဲ့စွာ ထွက်ကျလာတဲ့ စကားလုံးတွေရဲ့နောက်မှာ အညှာတာမဲ့စွာ ရယ်မောသံတွေက ပူးကပ်ပြီးလိုက်ပါလာကြတယ်။ ဟုတ်တယ်။ ဒီနေ့က သူမ သုံးနှစ်တာ တိတ်တခိုးချစ်လာတဲ့ ကောင်လေးကို တစ်ကျောင်းလုံးရှေ့မှာ ဖွင့်ပြောတဲ့နေ့ ဆိုပေမယ့် တစ်ကျောင်းလုံးရှေ့မှာ အငြင်းခံလိုက်ရတဲ့နေ့ဆိုလည်း မမှားဘူး။ အကျိုးဆက်က အသည်းကွဲခြင်းဆို ဘေးထွက်ဆိုးကျိုးက သိက္ခာကျခြင်းပေါ့။
ဘယ်မှာလည်း လူသားချင်း စာနာထောက်ထားမှု။ ဘယ်မှာလဲ မိန်းကလေးတစ်ယောက်အပေါ် လေးစားမှု။ အကုန်လုံးက အဲ့ဒီ့စကားတစ်ခွန်းအောက်မှာ တိမ်မြုပ်ပျောက်ကွယ်သွားပါရောလား။
"အစ်ကို တောင်းပန်ပါတယ် ညီမ"
တစ်ဖက်သတ် စခဲ့တဲ့ ဇာတ်လမ်းလေးဟာ တစ်ဖက်သတ်ပဲ အဆုံးသတ်သွားတယ်။ နောက်ဆုံးတော့လည်း သူမဟာ ပြန့်ကျဲစပြုနေပြီဖြစ်တဲ့ ပိုင်ရှင်မဲ့ နှင်းဆီပွင့်ဖတ်တွေလို စကားတစ်ခွန်းနဲ့ နင်းခြေခံလိုက်ရတယ်။ အဲ့ဒါကတော့..." အစ်ကိုက ဂေး" တဲ့လေ။
ပြတင်းပေါက်ကနေ နေအလုံးလိုက်ထိုးတဲ့အထိ ကောင်မလေးတစ်ယောက်သည် ကြိတ်မှိတ်ပြီး အိပ်နေဆဲပင်။ သူမရဲ့ အိပ်ခန်းကြမ်းပြင်တွင်တော့ တံဆိပ်အမျိုးမျိုးနဲ့ ဘီယာဗူးခွံတွေပြန့်ကျဲနေပြီး တက်နင်းမိပါက ခလုတ်တိုက်လဲမှာတောင် စိုးရိမ်ရလေသည်။
ဗီ.....ဗီ...ဗီ...
အမြဲလိုလို Silent လုပ်ထားတဲ့ ဖုန်းဟာ ဒီနေ့မှဘာလို့ လောကွတ်ချော်ပြီး မြည်နေရတာပါလိမ့်။ ခဏနေရပ်သွားမလားလို့ စောင့်ကြည့်သေးပေမယ့် တရစပ်တုန်ခါနေတဲ့အသံကို မခံစားနိုင်တော့တာကြောင့် သူမ ဖုန်းကောက်ကိုင်လိုက်သည်။ ထို့နောက် မျက်လုံးဖွင့်လိုက်သည်နှင့် အဖြူအမဲပုံရိပ်တွေကမြင်ကွင်းထဲကို ဝင်ရောက်လာခဲ့၏။
သူမရဲ့ကမ္ဘာကြီးသည် လွန်ခဲ့တဲ့ သုံးရက်ကတည်းက အသက်မဲ့သွားပြီဖြစ်သည်။
"ဟဲလို..."
"သုသု! နင်မြင်ပြီးပြီလား"
"ဟင်...ဘာကိုလဲ"
အထိတ်တလန့်ဖြစ်နေပုံရတဲ့ သူငယ်ချင်းရဲ့အသံကြောင့် သူမ အိပ်ချင်ပြေသွားသလိုပင်။
"ငါပြောမယ်...သုသု နင် စိတ်အေးအေးထားနော်"
ဘယ်သူက စိတ်အေးအေးထားဖို့ လိုအပ်နေတာတုန်း။ သူလား။ ငါလား။
တစ်ကယ်ပဲ ဘာတွေဖြစ်နေတာလဲဆိုတာ သူမ ခန့်မှန်းမရတော့""ငါပြောတာနားထောင်ပြီးရင် နင်လုံးဝ လိုင်းဖွင့်ပြီး မကြည့်နဲ့နော်"
"အင်း"
"ကတိပေး"
"အေးပါဟာ...ပြောမှာသာပြောစမ်းပါ"
"ဟိုနေ့က...နင် ကိုဇွဲကို ဖွင့်ပြောတဲ့ ဗီဒီယိုဖိုင် လိုင်းပေါ်မှာ ပျံ့နေတယ်"
"ဘာ..."
သူမရဲ့ ကမ္ဘာကြီးသည် အနည်းငယ် တုန်လှုပ်သွား၏။ တစ်ဆက်တည်းမှာပဲ -
"ဘယ်သူတင်လိုက်လဲတော့ မသိဘူး။ ငါတို့လည်း Report ဝိုင်းထုကြပေမယ့် ပို့စ်က ရှယ်တဲ့လူတွေအများကြီးဆိုတော့..."
သူမ သူငယ်ချင်းရဲ့ စကားတွေကြောင့် တုန်လှုပ်နေတဲ့ ကမ္ဘာကြီးသည် တဖြေးဖြေး ပြိုကျ ပျက်စီးလာခဲ့၏။ သူမ လက်ထဲမှ ဖုန်းကို လွှတ်ချလိုက်မိသည် အထိ...
"ဟဲလို...သုသု! သုသု!"
သူမ လက်ပ်တော့ကိုပြေးယူပြီး လိုင်းဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် Chat Box ထဲကို စာတွေ ရာထောင်ချီ ရောက်နေတာကို တွေ့လိုက်ရသည်။ အများစုမှာ သူမကို အပြစ်တင် ဆဲဆိုထားကြခြင်းသာ။ ထို့နောက် ဗီဒီယိုကို ဝင်ကြည့်လိုက်တော့ ကြည့်ရှုသူပေါင်း တစ်သန်းကျော်တောင် ရှိနေပြီဖြစ်သည်။ အဲ့ဒီ့ အောက်မှာလည်း သူမကိုရှုံ့ချထားတဲ့ Negative Cmt တွေနဲ့ တစ်ဖက်ကောင်လေးကို အားပးထားတဲ့ Cmt တွေကို တွေ့ရသည်။
"ဘာလို့လဲ...ငါ ဘာမှားလို့လဲ..."
Scroll Buttom ကိုဖိထားတဲ့ သူမရဲ့လက်တွေဟာ တဖြေးဖြေးအားလျော့လာပြီး မျက်လုံးအိမ်မှ မျက်ရည်များစီးကျလာသည်။
"ငါက ခံရတဲ့လူပါ...ဘာလို့လူတွေက ငါ့ကိုနားလည်မပေးကြတာလဲ...
ဘာလို့လဲ ဘာလို့လဲ !!!"သူမ စူးစူးဝါးဝါး အော်ဟစ်ပစ်လိုက်၏။ ကုတင်ခြေရင်းက ကိုယ်လုံးပေါ်မှန်ထဲမှာတော့ မိန်းကလေးတစ်ယောက် ဒူးတုပ်ကာ ငိုလျက်ရှိလေသည်။
AN/ ဒါလေးက အဟောင်းပါ။ ဒါပေမယ့် အသစ်လိုပါပဲ။ အသစ်စက်စက်လားဆိုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဟောင်းကြီးအတိုင်းပဲလည်း မဟုတ်ဘူးပေါ့နော်။ ဘယ်လိုပြောရမလဲ။
အရင်က "TRUE LOVE" ဆိုတဲ့နာမည်နဲ့ @augustblessing အကောင့်မှာ ရေးဖူးပါတယ်။ အဲ့တော့ ဖတ်ဖူးရင် အဟောင်း။ မဖတ်ဖူးရင် အသစ်။ အိုကေ။