နေသာတဲ့ နေ့တစ်နေ့ မဟုတ်ပေမဲ့ ခပ်မှိုင်းမှိုင်းရာသီဥတုကလည်း တစ်မျိုးနေလို့ ကောင်းပြန်သည်။
ချန်းယောလ် မနက်စာစားပြီး တစ်ခါတည်း ပန်းခင်းအတွက် လိုတာတွေဝယ်ဖို့ ပိုက်ဆံအိတ်ပါယူကာ မီးဖိုခန်းဆီထွက်လာတော့
"ယောလ် နိုးပြီလား ဒီမှာ အမေလည်း ခုနကမှ ရောက်တာ"
မီးဖိုခန်းပေါက်ဝတင်ရှိသေးတဲ့ ကိုယ့်ကို ချစ်ရတဲ့ အမျိုးသားလေးက သူ့အမေအတွက် ကော်ဖီထည့်ပေးနေရင်းကနေ လှမ်းပြောလာသည်။
"ခရီးလမ်း အဆင်ပြေခဲ့ရဲ့လားဗျ"
ချန်းယောလ် စားပွဲဝိုင်းမှာ ဝင်ထိုင်ရင်းပြောလိုက်တော့ ဘတ်ဟျွန်းအမေက
"ပြေပါတယ်ကွယ် "
နှစ်ယောက်သားရဲ့စကားဝိုင်းက ထိုမျှသာ.....
"ယောလ် ပျိုးပင်လေးတွေဝယ်ရင်း အလှပန်းအိုးလေးတွေပါဝယ်ခဲ့ပေးနော်"
"အင်း"
"ပိုးသတ်ဆေးကိုလေ အနံ့မပြင်းတဲ့ဟာ သုံးလို့ရလား ကျနော် ခြံထဲခဏဆင်းရင်တောင် အဲ့အနံ့နဲ့ ခေါင်းကိုက်လို့"
"အင်းပါ ကိုယ်သွားပြီ ဟျွန်း၊ အမေခွင့်ပြုပါဦး"
"အေးပါကွယ်"
ချန်းယောလ် အိမ်တံခါးဝကနေ ထွက်သွားပြီ ဆိုကာမှ......
"ဟဲ့ သားရယ် သမက်ပတ်နဲ့က အဆင်ပြေရဲ့လား"
ဘတ်ဟျွန်းက တိုးတိုး တိုးတိုးနှင့် မျက်လုံးပြူးမျက်ဆန်ပြူး မေးလာတဲ့ အမေ့ကြောင့် စားနေတဲ့ ကိတ်ခြောက်ပင် နင်သွားရတဲ့အထိ
"အဟွတ် အဟွတ် ပြေပါတယ် အမေရဲ့"
"ဟုတ်ရဲ့လားဟယ်"
မယုံသလို ညည်းညည်းညူညူပြောလာတဲ့ အမေ့ကြောင့် ဘတ်ဟျွန်းမှာ ရယ်ကာမောကာဖြင့်ပင်
"ငါ့အမေကတော့လေ အမေ့သမက်က အနေအေးလို့ပါ"
"အေးပါဟယ် "
သူမမှာ တစ်ဦးတည်းသော သားလေးပေမို့ ဖူးဖူးမှုတ်ချစ်ကာ အလိုလိုက်ခဲ့ရာ လွန်ခဲ့တဲ့ ၂လကျော်လောက်က *အမေ ကျနော်လက်ထပ်တော့မယ်*ဆိုကာ ခေါ်ချလာတဲ့ သူချစ်ရသူဆိုတဲ့ အမျိုးသားကိုလဲ ငြင်းဆန်နိုင်စွမ်းမရှိ။ ဒီသားလေး စိတ်ချမ်းသာဖို့သာ အဓိက ဆိုပြီး လက်ခံပေးခဲ့ပေမဲ့ ကြာလေ သူမရဲ့ သားလေးကို အချစ်လျော့မှာ ကြောက်ပါသည်လေ။ အခုလည်း သမက်ဖြစ်သူက သားအပေါ် တကယ်မှ ချစ်ပါရဲ့လားဆိုတာ သိချင်လွန်းလို့ ရှိသမျှ အလုပ်တွေ အကုန်ထားခဲ့ကာ ဆိုးလ်ကို ရောက်လာခြင်း။ အဖွင့်ကတော့မလှ။ သားဖြစ်သူက စကားများတရစပ် ပြောနေသော်ငြား အင်း တစ်လုံးသာ လိုက်နေတဲ့ သမက်ဖြစ်သူအပေါ် သိပ်မကြည်ချင်တော့။