Unicode

2.7K 299 57
                                    


နွေရာသီဆိုလျှင် အဝတ်မကပ်ချင်လောက်အောင် ပူပြင်းသည့် မန္တလေးက ဆောင်းရာသီကတော့ဖြင့် စောင်တစ်ထည်နှင့် မလောက်အောင်ပင် ခိုက်ခိုက်တုန်အောင် ချမ်းအေးလျက်ရှိသည်။ပတ်ဝန်းကျင်တစ်ခုလုံး
တိတ်ဆိတ်လျက် လူအပေါင်း အိပ်မောကျချိန် နံနက်ခင်း လေးနာရီဝယ် နိုးစက်လေးတစ်ခုကတော့ အချိန်မှန် မြည်ဟီးလျက်။

အင်း........

စောင်ပုံအထပ်ထပ်အောက်က ခန္ဓာကိုယ်လေးတစ်ခုသည် လွန့်လူးလာပြီး မျက်လုံးလေးမှိတ်လျက်သား ထထိုင်လိုက်သည်။အိပ်ချင်မူးတူးနှင့် ခမ်း ဆံပင်ဟာ ထိုးထိုးထောင်ထောင်။မျက်လုံးကို အသာဖွင့်ကာ ပြက္ခဒိန်ကို လှမ်းကြည့်လိုက်တော့ ဒီဇင်ဘာ တစ်ရက်နေ့။ရာသီဥတုက စိမ့်နေအောင် အေးနေ၍ စောင်ပုံကြားထဲတိုးဝင်ကာ ပြန်အိပ်ပစ်လိုက်ချင်သော်လည်း သူ မဖြစ်ဖြစ်အောင်ထရမည်။မဟုတ်ရင် ပျင်းနေတာနဲ့
ဗိုက်ခေါက်ထွက်လာတော့မည်။

ဒီလိုနှင့် လည်ပိတ်အင်္ကျီအဖြူလေးကို ဂွမ်းသားအနွေးထည်အထူကြီးထပ်ဝတ်ကာ နံနက်ခင်း
ထပြေးဖို့ ပြင်ဆင်ရတော့၏။ဒီရာသီဥတုနဲ့ ရေကတော့ မချိုးနိုင်။မျက်နှာသစ်ဖို့ကိုပင် ရေချိုးခန်းထဲ ဆယ်မိနစ်လောက် ပတ်ပြေးရသည်အထိ။သူအိမ်က ထွက်လာတော့ မနက် လေးနာရီနှစ်ဆယ်။နေမင်းကြီးက အိပ်ကောင်းနေတုန်း။

ဝန်းကျင် တစ်ခုလုံးမြူတွေဆိုင်းကာ မှောင်ရီ
ဝိုးတဝါး ရှိသေးသည်။ဖုန်းထဲကသီချင်းကိုဖွင့်ကာ နားကြပ်လေးတပ်လိုက်လိုက်တော့ ထွက်လာသည့် သံစဉ်လေးက စိုင်းထီးဆိုင်၏ နေရာတိုင်းမှာ...

🎶ရောင်နီကို ကြိုလင့်တဲ့ ပန်းကလေးတွေ...
ချစ်ဆုံးရဲ့ အနံ့အသက်ကို ယူခဲ့ပြီ...🎶

🎶နေဝင်ချိန် အိပ်တန်းတက် ငှက်ကလေးတွေ
အချစ်ဆုံးရဲ့ သတင်းစကားကို ဆောင်ခဲ့ပြီ🎶

ခမ်း အိမ်နဲ့ မန္တလေးကျုံးက နီးတာမို့ ထိုနေရာကို
ရောက်ဖို့ သိပ်မကြာလိုက်။ရေပြင်ကို ဖြတ်တိုက်လာ သော လေကပင် ကျောရိုးတစ်ခုလုံး စိမ့်တက်သွားသည်။သူထွက်လာသည့် အချိန်က စောသေးလို့လား မပြောတတ်၊ ဒီနေ့ လူတော်တော် ရှင်းနေ၏။ပတ်ဝန်းကျင်ကိုတော့ သဲသဲကွဲကွဲ မမြင်ရသေး။မြူတွေစိုင်းနေမှုက နန်းတော်ကြီးတောင် မှုန်ဝါးလျက်။
ထိုင်ခုံလေးတွေမှာဆို နှင်းရည်တွေ စိုစွတ်နေသည်။

နှင်းငွေဝေရီ ချစ်ကြိုးသီ (One Shot)Where stories live. Discover now