မေသူမအခန်းထဲမှကုတင်လေးပေါ်တွင်ထိုင်နေရင်း ပွင့်နေသောပြတင်းတံခါးမှ အိမ်ရှေ့လမ်းမဆီသို့မျှော်ကြည့်မိသည်။ထို့နောက် ဒေါ်မို့မို့မျက်နှာကထပ်ပေါ်လာပြန်သည်။ရက်စက်သောစကားလုံးများကို အားနာခြင်းအလျှင်းမရှိပြောဆိုနေသော ထိုဆရာမ၏မျက်လုံးများ......အော်ဟစ်ကြိမ်းမောင်းသံများကနားထဲတွင်ပဲ့တင်ထပ်နေခဲ့သည်။
ဘယ်ဘ၀က၀ဋ်ကြွေးရယ်မသိ.....မေမလုပ်သည့်အပြစ်ကိုခံရသည်မှာ နှစ်ကြိမ်မြောက်ရှိခဲ့ပေပြီ။ပထမအကြိမ်မိမိအဖေ၏အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ပတ်၀န်းကျင်၏သွားပုပ်လေလွင့်ပြောခြင်းကို ခေါင်းငုံ့ခံခဲ့ရပြီး ယခုအခါ ဥက္ကာ၏တဇွတ်ထိုးနိုင်မှုကြောင့် ဆရာမဒေါ်မို့မို့၏အပြစ်တင်ခြင်းကိုပါထပ်ခံရပြန်သည်။၀ဋ်ကြွေးများရှိလျှင်လည်း ဒီမျှနှင့်ကျေပါစေတော့.......
မေလမ်းဘက်ကိုငေးကြည့်ရင်းဖြစ်ပျက်ခဲ့သမျှကိုပြန်တွေးရင်းမိမိဘ၀ကိုမိမိနာကျည်းမိသည်။ဘာဆိုဘာမှဆက်လုပ်ချင်စိတ်မရှိတော့ပေ။မျက်ရည်များသာတွင်တွင်စီးကျနေပြီး ဖြစ်နိုင်လျှင်လောကကြီးထဲမှအပြီးအပိုင်ကွယ်ပျောက်သွားချင်သည်။အကယ်၍ မိမိသာမြူမှုန်တစ်စဖြစ်ခဲ့လျှင်~~~~~~
သူမအခန်းတံခါးကိုဖွင့်၀င်လာပြီး မှန်တင်ခုံပေါ်၌ရေဘူးနှင့်ဖန်ခွက်ကိုချကာ ရေခွက်ထဲသို့ရေအတော်အသင့်ငဲ့ထည့်လိုက်ပြီး သူမ၀င်လာသည်ကိုပင်မသိသည့် နေရာကိုရောက်နေသောမိန်းကလေးထံသို့ ဖန်ခွက်ကိုယူသွားသည်။အနီးသို့ရောက်သောအခါ သူမပါကုတင်လေးပေါ်တွင် မေနှင့်အတူဘေးချင်းကပ်ထိုင်ကာ -
"ရော့ ရေလေးသောက်လိုက်ဦး သမီး"
"ဟုတ် တီချယ်"
(ညှိုးငယ်နေသောမျက်နှာလေးတွင် မျက်ရည်များစီးကျလျက်)
"ကလေးလေး စိတ်ညစ်စရာတွေတွေးနေပြန်ပြီလား"
"သမီးမတွေးပါဘူး ဆရာမ"
(မေမျက်ရည်တို့ကိုကပြာကယာသုတ်လျက်)"ဆရာမကို အမှန်တိုင်းပြောလည်းရပါတယ် ဆရာမ သမီးကိုနားလည်တယ်"