မြေသင်းရနံ့။ အမြစ်ကြီးကြီးနဲ့အပင်တွေရဲ့ ပင်စည်လုံးပတ်အကြီးကြီးရနဲ့အနံ့ကိုဘယ်လိုခေါ်တာလဲ။ သစ်ပင်နံ့ပဲလား ဒါမှမဟုတ် သစ်စေးနံ့လို့ခေါ်တာလား။
ကျန်တာတွေမသေချာပါဘူး။ မြေနီလမ်းပေါ်ခြေချတိုင်း ရနေကျအဲဒီရနံ့က သူ့ငယ်ဘဝကိုခေါ်ဆောင်သွားသလိုခံစားလိုက်ရတယ်။ တရုတ်စကားပင်ကြီးတောင် အတော်သက်တမ်းရင့်လာတာမြင်တော့ ဘာရယ်မဟုတ်ဘူး ရင်ထဲတသိမ့်သိမ့်နဲ့။ ငယ်ငယ်က ခပ်ယိုင်ယိုင်တဲစုတ်ကလေးတွေဟာ အနည်းငယ်တော့ခိုင်မာလာသလို။ ဒီကြားထဲ သစ်ပင်တွေခုတ်မပစ်တာကိုပဲ ကျေးဇူးအကြိမ်ကြိမ်တင်နေမိတော့တယ်။
ဂျပန်ကနေထွက်တာနဲ့ မွေးရပ်မြေကိုတစ်ခါလောက်ဖြစ်ဖြစ်ပြန်ကြည့်မယ်လို့ စိတ်ကူးနေခဲ့တာကြာရောပေါ့။ အခုတော့ရှုပ်ထွေးနေတဲ့ဦးနှောက်ကို သဘာဝတရားနဲ့ဆေးပစ်ဖို့ သူ့နှလုံးသားလားရာအတိုင်းခြေဦးတည့်မိခဲ့တဲ့ မွေးရပ်မြေ။ အရင်ကလိုစိုပြေစဲ။ ငှက်ကလေးတွေရဲ့သီချင်းဆိုသံတွေ တကျွီကျွီသာယာနေစဲပဲ။ ငယ်ငယ်ကပြေးလွှားဆော့ကစားခဲ့တဲ့နေရာတွေမှာ အတိတ်ဘဝကအသံဆူဆူညံညံတွေ သူ့ရဲ့နားထဲကြားရောင်နေမိတော့တယ်။ အရာအရာတိုင်းဟာ အိပ်မက်လိုလို။ စိတ်ကူးယဥ် ဝတ္ထုတစ်ပုဒ်ထဲကအကြောင်းအရာတွေကို မှတ်မှတ်ရရရှိနေမိသလိုခံစားချက်ကြီးနဲ့။
ရောက်ရောက်ချင်းအထုတ်ချစရာနေရာရှာတော့ ဘုန်းဘုန်းဘုရားကိုပဲပြေးသတိရတယ်။ ဘုရားရေ။ အသက်တောင် ၁၀၀ နားကပ်နေပြီတဲ့။ အချိန်တွေဟာအကုန်မြန်ကြောင်းအခုမှသတိဝင်တော့ ဘုန်းဘုန်းကရယ်တယ်။ ဒကာလေးသက်တန့်ရဲ့မပြောင်းလဲခြင်းတရားတွေကို တတွတ်တွတ်ရေရွက်ရင်း အတိတ်တွေကိုနောက်ကြောင်းပြန်ရစ်ရင်း။ ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာအစုံအလင်တွေကို အတိုချုံးရှင်းပြရင်း ဘုန်းဘုန်းနဲ့စကားတွေဖောင်ဖွဲ့နေခဲ့တာ နေမဝင်ခင်ထိပဲ။ ငယ်ငယ်က ကျောင်းမှာ အင်္ဂလိပ်စာသင်ပေးနိုင်တာဆိုလို့ ဘုန်းဘုန်းတစ်ပါးပဲရှိခဲ့ဖူးတယ်။ အတူစာသင်ခဲ့တဲ့သူငယ်ချင်းတွေကရော။ သူ့လိုပဲ မွေးရပ်ကိုစွန့်ခွာပြီးတကွဲတပြားဖြစ်နေတဲ့အကြောင်းရှင်းပြရင်း ဘုန်းဘုန်းကသက်ပြင်းတချချနဲ့။