May be..!
မိုးတွေရွာနေတယ် ဝန်းငယ်...။
မိုးစက်တွေက သစ်ရွက်တွေဆီမှာ တွဲခိုနေတယ်။
မင်းကရော ဘယ်ရင်ခွင်မှာများ ခိုနားနေမလည်း..။နွေဦးမရောက်ခင်မှာ မွေးတဲ့ မင်းက မိုးစက်တွေနဲ့ နှင်းပွင့်တွေကို သိပ်ချစ်တတ်တယ်...။ ပြီးတော့ ရာသီစက်ဝန်းတွေ အလီလီပြောင်းလေတိုင်း မင်းဟာ ဒုဓလီပန်းလေးလို ကိုယ်နဲ့ဝေးရာကို တဖြေးဖြေးပျံ့လွင့်သွားခဲ့တယ်...။
မင်း လောကကြီးထဲရောက်လာတော့ ကိုယ့်လက်တွေထဲမှာ ငိုကြွေးနေခဲ့တာ သိပ်ကိုချစ်ဖို့ကောင်းခဲ့တာ...။ ပါးရဲရဲလေးတွေကို အဲ့ဒီအချိန်တည်းက ကိုယ်ထိတွေ့ဖို့ မဝံ့ရဲခဲ့ပါပဲ..။
မော့ကြည့်နေတဲ့ မမရဲ့အပြုံးတွေကို မင်း လက်ဆောင်ရခဲ့ပါတယ်...။ မင်းက ကိုယ်သိပ်ချစ်တဲ့ မမရဲ့ တစ်ဦးတည်းသော သားငယ်။"ဦးငယ်"
စကားတတ်စတည်းက မင်းသဘောတကျခေါ်ခဲ့တဲ့ နာမ်စား။ အဲ့ဒီ့နာမ်စားကိုကြားတိုင်း ကိုယ့်ကမ္ဘာမှာ နေရောင်တွေလက်တယ်.. တေးသံတွေလည်း ချိုခဲ့တယ်။ ဦးငယ် လို့ ချွဲနွဲ့ပြီးတိုင်း သဘောတကျပေါ်လာတဲ့ မင်းရဲ့ပါးဖောင်းဖောင်းပေါ်က ပါးချိုင့်ငယ်လေးဟာ မမနဲ့သိပ်တူလွန်းတယ်..။ ဒါကြောင့်လည်း မင်းပြုံးရယ်တိုင်း ကိုယ့်မှာ အပြစ်ရှိစိတ်တွေနဲ့ လောင်မြိုက်ရပါတယ်..။ မင်းရဲ့အပြုံးဟာ ကိုယ့်အတွက် မီးလျှံဖြစ်တယ်.. ကိုယ်ကတော့ မင်းခြေရင်းက ပိုးဖလံငယ်။
ဟုတ်တယ်.. အဲ့ဒီ့ပါးချိုင့်တွေက မမဆီက အမွေရခဲ့တာ..။ဒါကြောင့် မင်းက ကိုယ့်ရဲ့ သွေးမနှောတဲ့ တူလေးဖြစ်တယ်...။ ကိုယ့်လို မိဘမဲ့ကို မွေးစားခဲ့တဲ့ မမရဲ့ကျေးဇူးကိုထောက်ထားခြင်းအားဖြင့် မင်းအပေါ်မှာ ဘယ်လိုစိတ်နဲ့ ကိုယ် ရင်ခုန်ခွင့်ရှိပါ့မလည်း..။
"ဝန်းမှာ ဦးငယ်ပဲရှိတော့တာ..."
အစ်ကိုကြီးနဲ့မမရဲ့ accident ဟာ ကံကြမ္မာရဲ့အလှည့်အပြောင်းဖြစ်တယ်။ ကိုယ့်ရင်ခွင်ထဲတိုးဝင်လာတဲ့ မင်းဟာ မျက်ရည်တွေအပြည့်နဲ့။ ကိုယ့်ဘဝမှာလည်း မင်းပဲရှိတဲ့အကြောင်းတော့ ထုတ်မပြောဖြစ်ခဲ့။