"တို့လေ Kim Jisooကို သိပ်ချစ်တယ်"
xxxx-xxxx
"Kim Jisoo"
"အမ်"
"ဪ ဒီကလူကနာမည်က Kim Jisoo လို့။ ဒါနဲ့အဲ့ဘက်က.....နာမည်ကရော........ "
တို့ သူ့ကိုအဲ့ဒီနေ့က စတွေ့တာ။ သူရယ်လေ သူ့ကိုယ်သူ အရင်လာမိတ်ဆက်တာ။ တို့က မေပယ်ပင်အောက်မှာ စာအုပ်ဖတ်နေတုန်းပေါ့။ နားကြပ်လည်းတပ်ထားတယ်။ စာထဲစိတ်ဝင်တစားရှိနေတုန်း သူ့အရိပ်က တို့စာအုပ်ပေါ်ကို လွှမ်းလာတယ်။ မော့ကြည့်လိုက်တော့..................။
သူ့လက်တစ်ဖက်ကို ကမ်းလို့။ သူ့ကိုယ်သူ မိတ်ဆက်တဲ့သဘောပေါ့နော်။ နည်းနည်းတော့ ကြောင်သွားတယ်။ သူ့ကို တို့မသိဘူးလေ။ တို့ဘက်က လက်ပြန်မကမ်းလို့ ထင်ပါရဲ့။ သူ့ရဲ့ နှုတ်ခမ်းလေးကို ကွေးသွားအောင် ပြုံးရင်း လက်ကို ပြန်ရုပ်သွားတယ်။ပြီးတော့ဘေးမှာလာထိုင်တယ်။ သူ ...ဘာရယ်တာလဲ။ တွေ့ရာလူစိမ်းတွေကို လက်ကမ်းပေးတိုင်း နှုတ်ဆက်ရမှာလား။ မဟုတ်သေးဘူးလေနော်။
xxxx
"ကျောင်းသူအသစ်တဲ့"
"နိုင်ငံခြားကပြောင်းလာတာလို့လည်း ကြားတယ်"
"ဟုတ်လား။ အရမ်းချောလား"
"ချောတယ်တဲ့။ စာလည်းတော်ပြီး သဘောကောင်းတယ်တဲ့။"
အို......ဒီကောင်မလေးတွေ အရမ်းစကားများကြတာပဲ။ ဘေးလူကို အားနာမှုမရှိလိုက်ကြတာ။ တစ်အောင့်လောက်ကြာတော့ ဆရာမဝင်လာမှ အတန်းထဲမှာဆူညံတာ ရပ်သွားတယ်။ ဆရာမနဲ့အတူ ကျောင်းသူအသစ်လည်းပါလာတယ်။ တို့လေ.......အစက သတိမထားမိပါဘူး။ သက်ဆိုင်ရာ ဘာသာရပ်ရဲ့ စာမျက်နှာကို လှန်လှောနေမိတာ။
"ဟိတ်......မသိတာရှိရင် ကူညီပေးဦးနော်"
တို့လှည့်ကြည့်လိုက်တော့..........သူ.................။ သူက ပြုံးစစနဲ့ တို့ကို ကြည့်နေတာ။ သူ့အကြည့်တွေကလေ....ဟင် တို့မပြောပြတတ်ပါဘူး။ သူ့မျက်ဝန်းတွေကို ဆက်မရင်ဆိုင်နိုင်လို့ တို့ ခေါင်းကိုအခါခါညိတ်ရင်း ချက်ချင်းပဲ အကြည့်တွေလွှဲပစ်လိုက်တယ်။
xxxxxx
သူက သူငယ်ချင်းရတာမြန်လိုက်တာ။ အေးလေ.....လူတိုင်းက တို့လိုတော့ ဘယ်ဟုတ်မလဲနော်။ တို့သာ...စကားလည်း လည်လည်ဝယ်ဝယ် မပြောတတ်။ စာအုပ်ချည်း ဖတ်နေလို့ နာမည်ပြောင်ကတောင် 'စာအုပ်ကြီး' တဲ့။ ဆိုရှယ်စကေးကောင်းတဲ့သူက ကျောင်းမှာ တဖြည်းဖြည်းနဲ့ ပေါ်ပြူလာ ဖြစ်လာခဲ့တယ်။ တစ်ခါတစ်လေ သူ့ခုံပေါ်မှာ ချောကလက်တွေ....ပန်းပွင့်တွေ။ သူက သူရတဲ့ ချောကလက်တွေ လာလာကျွေးသား။ ဟင့်အင်း တို့မစားချင်ပါဘူး။ သူ့ကိုရည်ရွယ်ပြီးပေးကြတာကို တို့မစားချင်ဘူး။ သူငယ်ချင်းလွယ်လွယ်ရတတ်တဲ့သူက တို့နဲ့တော့ ခပ်တန်းတန်းပါပဲ။ ဘေးချင်းကပ်ထိုင်နေတာတောင်မှပေါ့။