ဆယ်တန်းအောင်စာရင်းများထွက်၍ သက်ဆိုင်ရာတက္ကသိုလ်များတွင် အထူးပြုမေဂျာများကိုလျှောက်ထားရာ မေသည် သူမရှိနေသည့်တက္ကသိုလ်၌သာတက်ရောက်ခွင့်လျှောက်ထားသည်။မေဂျာကိုလည်း Mathsကိုသာပထမဦးစားပေးအနေဖြင့်လျှောက်ထားခဲ့သည်။၀င်ခွင့်ပြုသည့်အကြောင်းကြားစာရောက်လာသည့်အခါတွင်လည်း မေဖြစ်ချင်သည့်ဆန္ဒအတိုင်း ကံတရားကဖြည့်ဆည်းပေးခဲ့ဟန်ပင်။မေ သင်္ချာကျောင်းသူကြီးဖြစ်တော့မည်။ဆယ်တန်းပြီးကတည်းက သူမနှင့်နေ့တိုင်းတွေ့ရသောအခွင့်အရေးဆုံးရှုံးခဲ့ပြီဟုထင်မိသော်လည်း ကံတရားက မေတို့နှစ်ဦးအား ထပ်မံနီးစပ်ရန်အကြောင်းဖန်ပေးလာခဲ့သည်။
မေသည်တက္ကသိုလ်တက်သည့်အခါတွင်လည်း သူမနှင့်အတူတူကျောင်းသွားကျောင်းပြန်လုပ်ရလေသည်။မနက်မိုးလင်းမျက်လုံးနှစ်လုံးဖွင့်ပါပြီဆိုကတည်းက ချစ်ရသူနှင့်အတူတူရှိနေရသည့်အချိန်လေးများသည် သိပ်ကိုအိပ်မက်ဆန်လှပေသည်။မေသည် ပထမဆုံးကျောင်းဖွင့်ရက်တွင် မေ့အိမ်ရှေ့သို့သူမကိုယ်တိုင်လာခေါ်လေသည်။ကျောင်းစတက်သည့်အချိန်မှာ ဒီဇင်ဘာလဖြစ်၍ အအေးဓာတ်မှာအရိုးထဲအသားထဲထိစိမ့်နေအောင်အေးလေသည်။မေလည်းအင်္ကျီထူထူထဲထဲလေး၀တ်ကာ အိမ်ရှေ့မှထိုင်စောင့်နေသည်။သူမဆိုင်ကယ်လေးရပ်လိုက်သောအခါ မေလည်းဘေးလွယ်အိတ်လေးကိုလွယ်၍ ဆိုင်ကယ်ပေါ်အသာတက်လိုက်သွားခဲ့လေသည်။
မေသည်ဆိုင်ကယ်ကိုယခုကဲ့သို့ဆောင်းမနက်ခင်းစောစောစီးစီးတွင်မစီးဘူး၍ ခန္ဓာကိုယ်ကဆတ်ကနဲဆတ်ကနဲတုန်နေလေသည်။သူမခါးကိုဖက်ထားသည့်လက်ကလေးမှာလည်းအေးစက်နေလေသည်။သူမသည်သွားနေကျလာနေကျဖြစ်၍ လက်အိတ်ထိပါ၀တ်ထားသဖြင့်အအေးဒဏ်ကိုအကျင့်ဖြစ်နေသောငြား မေကတော့အကျင့်မရသေးသဖြင့် ကျောင်းရောက်ခါနီးလမ်းတစ်၀က်လောက်တွင် ဖက်ထားသည့်လက်ကလေးပါတုန်လာလေသည်။ဖက်ထားသည့်လက်ကလေးတုန်နေသောအခါမှသူမသတိထားမိ၍ ဆိုင်ကယ်ကိုခဏလက်တစ်ဖက်လွှတ်လိုက်ကာ ဖက်ထားသည့်မေ့လက်လေးတစ်ဖက်ကို သူမ၀တ်ထားသောယုန်မွှေး အနွေးအင်္ကျီ၏ဘေးအိတ်ကပ်ထဲသို့ထည့်ပေးလိုက်သည်။