Epi - 3 (Zawgyi)

375 9 0
                                    

တစ်ဖက်သတ် ရင်ခုန်သံတွေနဲ့ တစ်ညတာ ကုန်ဆုံးပြီး နောက်နေ့ မနက်ကိုတောင် ရောက်လာခဲ့ပြီ။

ကိုယ့်အတွေးနဲ့ကိုယ် တက်ကြွနေတဲ့ ကျွန်တော်ဟာ ‌နာရီ ကြည့်ဖို့ မေ့လျော့နေခဲ့သလို၊ မနက်ခင်းစောစောမှာ အစာရှာထွက်ဖို့ ပြင်နေတဲ့ ခြံထဲက ငှက်ငယ်တွေရဲ့ သံစဉ်ကိုတောင် မကြားနိုင်ခဲ့ဘူး။

ဆောင်းရာသီရဲ့ မနက်ခင်း နေခြည်ဟာ ဒီနေ့မနက်မှ ပိုပြီးနွေးထွေးနေသယောင်။

"ကျွတ်စ် ! ငါ တော်တော် စောသွားတယ်နဲ့ တူတယ်။ ဘယ်သူမှလည်း မရှိသေးဘူး"

ဟုတ်တော့လည်း ဟုတ်မှာပါလေ။ သူများတွေ ၈ နာရီ လောက်မှ လာတဲ့ ကျောင်းကို ၇:၁၅ လောက်ထဲက ရောက်နေတာကိုး ... ။

ဒါနဲ့ပဲ ကော်ဖီအေးတစ်ဘူး ဝယ်ပြီးတော့သာ သောက်နေခဲ့မိတယ်။

နွေးထွေးတဲ့ နေခြည်လေးကို စောင့်နေမိတဲ့ ကျွန်တော့်အဖို့တော့ ကော်ဖီပူပူတစ်ခွက်ကို လုံးဝ မလိုအပ်ဘူး။

*   *   *

ဒါပေမဲ့ ခဏနေတော့ နွေးလည်း ကျောင်းကိုရောက်လာတယ်။

ဝမ်းသာမှုက အတိုင်းထက် အလွန်ဆိုတာထက်ကို ပိုလို့ သွားသေးတယ်။

ကံကြမ္မာက ကျွန်တော်တို့အပေါ် ရက်စက်ဖို့ ချိုမြိန်ခြင်းတွေနဲ့ အရင် အစပျိုးနေခဲ့တာပေါ့။

ကျောင်းစိမ်းဝတ်စုံ အဖြူလေးရယ်၊ လွယ်အိတ် အဖြူလေးရယ်၊ အဝါရောင် အနွေးထည်အပါးလေးရယ်။

ဆန်းဆန်းပြားပြား ဝတ်စုံ မဟုတ်ပေမဲ့ ရိုးရှင်းလွန်းစွာပဲ မြတ်နိုးဖို့ရာ ဖြစ်နေသည်။

ကျွန်တော် နာရီ ကြည့်လိုက်တော့ ၇:၃၀ ပဲ ရှိသေးသည်။

"ဒီကောင်မလေး အစောကြီး ဘာလာလုပ်ရတာလဲ"

"လင်း ! နင်က အစောကြီး ရောက်နေပါလား။ ငါက ကိုယ့်ဟာကိုယ် တော်တော်စောနေပြီ ထင်တာ"

"ဟင်း ဒါဆို နင်ထင်တာ မှားသွားပြီ။ ငါက ၇:၁၅ ကတည်းက ရောက်နေတာ"

"ဟ စောလှချည်လား။ ဘယ်သူလိုက်ပို့တာလဲ"

"ဒီနေ့ အစ်ကိုက ငါ့ကို ကျောင်းပို့ဖို့ လူတစ်ယောက် လွှတ်ပေးလိုက်တယ်လေ"

No More Pain, Please (Season-1) {Completed}Where stories live. Discover now