'' ဦးလေး ... ဦးလေး´´
ခေါ်သံပိစိလေးတစ်ခု ကြားလိုက်ရသဖြင့် အိမ်ထဲသို့ ဝင်မည့်ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။ ဘယ်ကောင်လဲကွ၊ ငါ့ကိုဦးလေးလို့ခေါ်တာ .... စိတ်ထဲမှ ကြိတ်ကျိန်ဆဲမိသည်။ အသက်၂၅နှစ်အရွယ်ကို ဦးလေးအခေါ်ခံရ၍ နည်းနည်းလေးမှအလိုမကျ။
အသံလာရာ လှည့်ကြည့်မိတော့ လူကိုမတွေ့ရ။ ထပ်မံထွက်ပေါ်လာသည့် ဦးလေးဆိုသော ခပ်စူးစူးအသံကြားမှ အောက်ကို ငဲ့ကြည့်မိတော့ ၅နှစ်အရွယ်လောက်ရှိမည့် ကလေးတစ်ယောက်။
'' သားဘောလုံး ခြံထဲဝင်သွားလို့ ကောက်ပေးပါလား ဦးလေးရယ် ´´
အကောင်ပေါက်လေးက သူ့ကို သနားကမားအသံနှင့်ပြောရင်း သွားကျိုးလေးတွေပေါ်လာသည်ထိ ရယ်ပြပြီး မျက်နှာချိုသွေးကာ ညာခိုင်းတော့သည်။ အပြုံးချိုချိုလေးကြောင့် မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် အလိုမကျမှုတို့ လွင့်ပြယ်ကုန်ရပြီး ကိုယ့်အိမ်ခြံထဲသို့ ဝင်လာသော ဘောလုံးလေးကို ကောက်ပေးရသည်။
သူသည် ကလေးချစ်တတ်သူ လုံးဝ မဟုတ်ရပါ။ ထိုကလေးကိုတော့ မြင်မြင်ချင်း ပါးတွေ ဆွဲဖဲ့ချင်သည်အထိ အသည်းယားမိသည်။ ပါးစုံအစ်အစ်ကလေးက စကားပြောတိုင်း တလှုပ်လှုပ်၊ မျက်လုံးကြည်ကြည်လေးတွေက သူငယ်ငယ်က ဆော့ခဲ့သည့် ဖန်ဂေါ်လီလေးတွေလို အရောင်တလက်လက်။
ထိုကလေးငယ်အလိုကျ ဘောလုံးကို သွားကောက်ပေးပြီး လက်ထဲပြန်ထည့်ပေးခါနီးမှ
'' ကောင်လေး ... မင်းနာမည်ဘယ်လိုခေါ်လဲကွ´´
'' လင်းဝင်္ကပါ ပါခင်ဗျ ´´
'' ဘာအလင်းဝင် ´´
'' ကျစ် ... လင်းဝင်္ကပါ ပါဆို ´´
အံမယ်... ကျစ်တောင်ဖြစ်ရသေး၊ ဒါ လူက်ိုစိတ်မရှည်တဲ့လေသံ။ လက်တစ်ဖက်ကလည်း ခါးကိုထောက်ထားသေးသည်။ ကိုယ်တော်လေးက စတိုင်ကတော့ အပြည့်။ ထိုကလေးကို တစ်ခုခုပေးလိုက်ချင်၍ အိပ်ကပ်ထဲနှိုက်ကြည့်တော့ ချောကလက်လုံးလေးသေးသေးလေးတွေ ထွက်လာသည်။
'' ရော့ ချာတိတ် ´´
ချစ်လို့ပေးတာတောင် လူကိုမယုံကြည်သလို မျက်ဆံတစ်ချက်လှန်ကြည့်သွားသေးသည်။ ခေတ်ကာလကလည်း သူစိမ်းတစ်ယောက်ကို လွယ်လွယ်ကူကူ ယုံကြည်နိုင်ရသည်မဟုတ်။ ထိုသို့တွေးမိတော့လည်း စိတ်အေးရပါသည်။