"လမ်းမှာတွေ့တဲ့ အရာတိုင်းကို လိုက်ကောက်ပြီး မဆော့ရဘူးလေ သားငယ်"
ဆယ်နှစ်အရွယ်လောက်သာ ရှိလိမ့်မည်ဖြစ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ လက်ကို ကိုင်ဆွဲလျှက် ကျွန်မရဲ့ရှေ့မှ ဖြတ်လျှောက်သွားတဲ့ ခပ်ရွယ်ရွယ် အမျိုးသမီးကို မျက်စိတဆုံး လိုက်ကာငေးမောနေမိတယ်။
ရောင်နီအောက်မှာ ထိုအမျိုးသမီးရဲ့ ဆံနွယ်တို့ဟာ လေမှာလွင့်ပျံလို့ နေဝင်ချိန်ရဲ့အလှကို ပိုပြီးပြည့်စုံစေခဲ့တယ်။ချက်ချင်းပါပဲ ကျွန်မတုံ့ဆိုင်းမနေတော့ဘဲ ရေးခြယ်လက်စ စက္ကူစကလေးကို စုတ်ဖြဲပြီး အဝေးကို လွင့်ပစ်လိုက်တယ် ။ထိုအမျိုးသမီးရဲ့ ပုံရိပ်ငယ်လေး မျက်လုံးထဲက ပျောက်ကွယ် မသွားခင် စွဲကျန်ရစ်နေတုန်း စက္ကူစပေါ်မှာ အလှတစ်ခုကို အမိအရ ရေးဆွဲချင်သည်လေ။
လက်မှ ဆွဲထားတဲ့ ကလေးငယ်က သူမရဲ့သွေးသားဖြစ်ဟန် တူပါရဲ့။အော် လှပတဲ့ အရာတိုင်းက သူ့ရဲ့ မူပိုင်ကိုယ်စီနဲ့ပါလားနော်။
မျက်ဝန်းထဲမှာ စွဲကျန်ရစ်နေခဲ့တဲ့ ရောင်နီအောက်က ထိုအမျိုးသမီးရဲ့ ပုံရိပ်ကို မှားယွင်းတဲ့ အကွေးအတွန့်လေးတောင် မရှိစေလိုတာကြောင့် စုတ်ချက် တိုင်းမှာ စိတ်ပင်ပန်းကြီးစွာ ရေးခြယ်နေရတယ်။
ကျွန်မဘယ်တုန်းကများ ပန်းချီတစ်ချပ်ကို ဒီလောက် ပူပင်ပြီးစိတ်နှစ်ကာ ဆွဲစရာလိုခဲ့လို့လဲ။နာရီအတော်အတန်ကြာအောင် ရေးခြယ်ပြီးတဲ့နောက်တော့ ပြည့်စုံတဲ့ ပန်းချီတချပ်ကို ရရှိခဲ့ပြီလေ။ဖြူလွလွ စက္ကူစလေးပေါ်မှာ နေဝင်ချိန်ရဲ့ ရောင်နီအောက်က လှပတဲ့ အမျိုးသမီးတစ်ယောက်။စိတ်မရှိနဲ့အမျိုးသမီးရယ် ရှင်ဆွဲကိုင်ထားတဲ့ ကလေးငယ်ကိုတော့ ကျွန်မမရေးဆွဲလိုက်မိဘူး ဘာလို့ဆို ကျွန်မရဲ့မျက်ဝန်းမှာက ရှင့်ပုံရိပ်လေး တစ်ခုထဲကိုပဲ စွဲထင်နေတာကြောင့်ပါ။
ပြီးပြည့်စုံနေတဲ့ ပန်းချီကားလေးလည်း ပြီးစီးသွားပြီ နေရောင်လည်းပျောက်လို့ အလင်းရောင်ခပ်ပြပြသာ ကျန်တော့တယ်။
ကျွန်မကတော့ နေရာမှာတင် ထိုင်ကာ ခါးသက်လှတဲ့ ကော်ဖီပူပူတစ်ခွက်ကို လက်မှကိုင်လျှက် ကျွန်မကိုယ်တိုင် ရေးခြယ်ထားတဲ့ ရောင်နီအောက်က အမျိုးသမီးရဲ့ ပုံရိပ်ကို တစိမ့်စိမ့် ထိုင်ကြည့်လို့နေသည်။
YOU ARE READING
မူပိုင်ခွင့်
Short Storyစွဲလမ်းမိပြန်တဲ့ အရာတစ်ခုက ပိုင်ဆိုင်သူ ရှိနေလေတော့ နာကျင်ရတယ်ဆိုပဲ ဒီနာကျင်မှုအတွက် ဘယ်သူ့ကိုများ ပြစ်တင်ပြောဆိုရမလဲကွယ် ပိုင်ရှင်ရှိနေရက်နဲ့ စွဲလမ်းမိသွားတဲ့ ကျွန်မကိုယ်ကျွန်မလား ဒါမှမဟုတ် ကျွန်မစွဲလမ်းမိတဲ့ သူမကိုမှ ပိုင်ဆိုင်နေတဲ့ ထိုယောကျာ်းကို...