>>>Unicode<<<
''ဒီနေ့ မနက်က ကိစ္စအတွက် ကျေးဇူးပါပဲ Meilika''
Krist သည် Meilika ၏ ထိုင်ခုံနားတွင် ရပ်လျက် သူမကို မနက်က ကိစ္စနှင့် ပက်သက်ပြီး ကျေးဇူးတင်စကား ပြောနေလေသည်။ တစ်မနက်လုံး ပြောဖို့ အခွင့်အရေး ရှာမရသည့်အပြင် သူကိုယ်တိုင်ကလည်း P'Singto များ သူ့လို အကြပ်အတည်းနှင့် ရင်ဆိုင်ပြီး ပြစ်ဒဏ်ခံနေရပြီလားဟု စိုးရိမ် ပူပန်နေမိလေရာ သူမကို ယခုမှသာ လူကိုယ်တိုင် ကျေးဇူးတင်စကား ဆိုနိုင်လေတော့သည်။
Meilika ကတော့ ဒီနေ့အဖို့ ကျေးဇူးတင်ခံရသည့် အထူးပုဂ္ဂိုလ် ဖြစ်နေသော်ငြား သူမ၏ စိတ်ထဲတွင်တော့ ပျော်ရွှင်ပီတိ တစ်စုံတစ်ရာ ထူးကဲစွာ ခံစားမနေရပေ။ ဤသည်က Danz ၏ စကားကြောင့် သူမ၏ စိတ်တို့ ရှုပ်ထွေးနေသောကြောင့်သော်လည်းကောင်း၊ သို့တည်းမဟုတ် တစ်ခုခုတော့ မကောင်းဘူးဟု အလိုလို ခံစားသိနေသောကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပေလိမ့်မည်။
''Jenn က နင့်ကို မပြောထားဘူးလား။ သူ နင့်ကို ဘာတွေ ပြောလိုက်လဲ မသိပေမယ့် ငါက နင်တို့ နှစ်ယောက်ကို ကူညီဖို့ဆိုတဲ့ အတွေးနဲ့ လုပ်လိုက်တာ မဟုတ်လို့ ကျေးဇူးတင်နေစရာ မလိုဘူး''
သူမ မြင်ချင်ခဲ့သည်က Danz ၏ ရှုံးနိမ့်မှု တစ်ခုတည်းသာ။ သူမ၏ ဆန္ဒတို့လည်း ပြည့်မြောက်သည်ဟု ဆိုရမည်လော။ ကျေနပ်မှုတို့၏ နောက်တွင် နောက်ဆက်တွဲ ပေးဆပ်မှုများက ကပ်ငြိလာနိုင်သည် ဆိုသော်ငြား ထိုတဒင်္ဂလေးအတွက်တော့ ထိုက်တန်သည်ဟု ခံယူထားသူ ဖြစ်လေရာ ယခုအချိန် ကျေးဇူးတင်မှု အပေါင်းကို ခံယူပြီး ပျော်ရွှင်ပီတိကို ခံစားနေသင့်သည် မဟုတ်ပါလား။ အုံ့မှိုင်းနေသော ကောင်းကင်ယံထက်မှ တိမ်မည်းများကဲ့သို့ မရွှင်ပျလျက်ရှိနေသော သူမ၏ စိတ်တို့ကို ပြန်လည် လန်းဆန်းလာအောင် ပြုလုပ်သင့်သည်။
''ဒါပေမယ့် အရမ်းကို ကျေးဇူးတင်ချင်နေတယ်ဆိုရင် ငါ တောင်းဆိုတာကို လုပ်ပေးနိုင်မလား''
Krist သည် Meilika ဘာကို တောင်းဆိုမည်မှန်း မသိသေးသော်ငြား သူမ၏ တောင်းဆိုမှုကို လက်မခံနိုင်စရာ အကြောင်း မရှိဟု မှတ်ယူထားလေ၏။
KAMU SEDANG MEMBACA
Make Me Yours (KristSingto Fanfiction)
Fiksi PenggemarFirst KristSingto Fanfiction >>>Main Story>>Unicode>>Zawgyi<<< အချစ်ဆိုတဲ့အရာကလူအမျိုးမျိုးထံသို့မထင်မှတ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်ပါတယ်။ စိတ်ကူးဖြင့်သာဖန်တီးပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်။ Update ကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနိုင်မှသ...