Zawgyi**
မန္တလေး၌ တစ်ရက်ထပ်နေပြီးသည့်နောက်မှာတော့ အလုပ်ကိစ္စတွေရှိတာကြောင့် ဆည်းတို့နှစ်ယောက် ပြင်ဦးလွင်သို့ပဲပြန်လာခဲ့ကြသည်။
ဒါတောင် မာမီက နောက်ထပ်နှစ်ရက်လောက် ထပ်နေရန် အတင်းတိုက်တွန်းနေသည်ကြောင့် လွှမ်းအလုပ်အားသည့်နေ့ကျ လာလည်လှည့်ပါမယ်ဟု အကြိမ်ကြိမ်ကတိပေးခဲ့ရသေးသည်။
အဲ့နောက်တော့ ဆည်းတို့၏ နေ့ရက်တွေကပုံမှန်လိုပင်ပြန်ဖြစ်သွားခဲ့သည်။ လွှမ်းက project ကိစ္စကို အာရုံစိုက်နေရတာကြောင့် Hotel ကိုနေ့တိုင်းသွားရသည်။ မနက် ၉ နာရီမှ ညနေ ၆ နာရီအတွင်း လွှမ်းတစ်ယောက်အိမ်မှာမရှိပေ။
ဖိုးကောက်ကလည်း ကျောင်းချိန်အပြင် အပိုသင်တန်းတွေပါ တက်နေရသဖြင့် ည ၇နာရီလောက်မှအိမ်ပြန်ရောက်သည်ကများသည်။
တစ်ရက် ဖိုးကောက်အခန်းရှေ့မှ ဆည်းဖြတ်လျှောက်ခိုက် အီတလီစကားပြောလေ့ကျင့်နေသော အသံတချို့ကြားလိုက်ရတာကြောင့် ဆည်း သဘောတကျပြုံးမိသေးသည်။
တကယ်တော့ ဖိုးကောက်ကို Loren ပေးသွားသည်ဟူသောစာက Loren ရေးထားတာမဟုတ်ဘဲ ဆည်းရေးထားခြင်းသာ။ Loren မပြန်ခင်မှာ ဖိုးကောက်ကို သူ့အားမကြိုက်စေရန် နားချဖို့အတွက် ဆည်းအား မှာသွားခဲ့၏။
ထိုစဉ်က ဆည်းတစ်ယောက် OK ဟုသာပြောလိုက်ပေမယ့် တကယ့်လက်တွေ့မှာတော့ အပြောနှင့် အလုပ်ကတခြားစီ။
ရှေ့ကအတွေးကို ပြန်ကောက်ရလျှင် တစ်အိမ်လုံးတွင် သူနှင့်ကြီးနန်း နှစ်ယောက်တည်းသာရှိသည်။ စဝ်လွှမ်းရဝေနှင့် တစ်လကျော်လောက် တစ်နေကုန်တူတူရှိခဲ့ရတော့ လွှမ်းမရှိသည့် အချိန်တွေမှာ ဆည်းတစ်ယောက်တည်းနေသားမကျ။
တစ်ယောက်တည်းပျင်းရိနေတာကြောင့် Emily နှင့်အချိန်ဖြုန်းမည်ကြံပေမယ့် ထိုကြောင်ဝတုတ်က စားလိုက်အိပ်လိုက်နှင့်သာ လုံးချာလိုက်နေသည်။ ဆည်းကို အဖက်ပင်မလုပ်။ ဪ... ဗိုက်ဆာလျှင်တော့ အဖက်လုပ်တတ်ပါသည်။
အပြင်သွားရအောင်လည်း accident ဖြစ်တုန်းက ဆည်း၏ jeep လေးက လုံးဝစုတ်ပြတ်သွားတာကြောင့် လွှမ်းက ရောင်းခိုင်းလိုက်သည်။ နောက်ကျ ကားအသစ်ဝယ်ပေးမည်ဆိုပြီး ခုထိဝယ်မပေးသေးပေ။ ကိုယ့်ဘာသာ ဝယ်မည်ဆိုလျှင်လည်း ထိုကိုယ်တော်ချောက စိတ်ကောက်ပေဦးမည်။ ဆည်းကလည်း jeep ကားလို အမိုးမပါသည့်ကားမှမဟုတ်လျှင် တခြားကားမစီးချင်။
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "