အခန်း (၁၈) ကုစားရာမဲ့သော

214 31 15
                                    

[Unicode]

နက်စွေးနေသည့် ကြွေသားကြမ်းခင်း။ ကန့်လန့်ကာချထားသည့် ပြတင်းပေါက်ဆီက လေတိုးသံသဲ့သဲ့။ စတီးရောင်ရေပိုက်ခေါင်းကိုဖြတ်၍ ကျဆင်းလာနေသည့် ရေစီးကြောင်းများ။ အခန်းအတွင်း ပျံ့လွှင့်နေသည့် scented candle ရနံ့ဖျော့ဖျော့။

ကာကီရောင်ချည်သားဘောင်းဘီရှည် အဝါနုရောင်ပေါ် အစိမ်းနုနု ကြက်ခြေခတ်အစင်းကလေးများရှပ်ပြေးသည့်အဆင်ပါသော လက်တိုရှပ်အင်္ကျီ။ အလုပ်အပေါ် အာရုံစိုက်ထားမှုကြောင့် အလေးအနက်ဖြစ်နေသည့် မျက်နှာထား။ ပါးပြင်နုနုထက် ယှက်သမ်းနေသော မထင်မရှားတွေ့မြင်ရသည့် သွေး​ကြောစိမ်းလေးများနှင့်  နဖူးပြင်ပြေပြေထက် ဝဲကျနေသော အညိုရင့်ရင့်ဆံစအချို့။

အဖြူရောင်ကြွေရေချိုးဇလုံနံဘေးက အဝါနုနု ပုံရိပ်ငယ်၏ လှုပ်ရှားမှုတို့က အေးဆေးညင်သာနေကာ အစီအစဥ်တကျရှိလှ၏။ သွယ်လျတင့်တယ်သည့်လက်ချောင်းတို့ ရေမျက်နှာပြင်ပေါ်အသာအယာ ထိခတ်သွားကြသည်။ ထို့နောက် ချက်ချင်းလက်ပြန်ရုတ်လိုက်မှုနှင့်အတူ လှုပ်ရှားသွားသည့် မျက်တောင်ဖျားနောက် ကွေးညွတ်သွားသည့် နှုတ်ခမ်းဖျားတို့ကို ကာယကံရှင်ကိုယ်တိုင်ပင် သတိမထားမိဟန်။

​ပန်းနုရောင်သမ်းနေလျက် ဖြူဝင်းသည့် လက်ဖျားထိပ်တို့က အညိုရင့်ရောင် ရနံ့ဆီပုလင်းလေးများကို ကိုင်တွယ်နေပုံမှာ ညင်ညင်သာသာရှိလှ၏။ ကိုယ်တိုင်ရေလောင်းပေါင်းသင်ကာ ပြုစုပျိုးထောင်ထားသည့် အပင်ကလေးမှ ပွင့်လန်းလာသော ပန်းပွင့်ငယ်တို့ကို ဂရုတစိုက်အလေးထားသည့် ဥယျဥ်မှူးတစ်ယောက်ပမာ။

ရနံ့ဆီအစက်ငယ်တို့ ရေချိုးဇလုံဆီ ကျဆင်းသွားသည့်နောက် တမုဟုတ်ချင်းပင် ရနံ့သင်းသင်းတစ်မျိုးက scented candle ရနံ့နှင့်ရောနှောသွားကာ အခန်းအတွင်း စိတ်ကြည်နူးဖွယ်ကောင်းစွာ ပျံ့လွင့်လာလေသည်။

အပြုအမူလေးတွေကို တစ်ခုပြီးတစ်ခု အသေးစိတ် လိုက်ကာအကဲခတ်နေရင်း ဖေးယွီရဲ့ စိတ်အစဥ်က ရွှင်ပြလာနေသည်။ ခပ်မှိန်မှိန်သာလင်းနေသည့် အခန်းမီးရောင်​ဖြူဖြူအောက် ကြည်စင်သည့်ပုံရိပ်ကလေးထံမှ နွေးပျမှုသဲ့သဲ့က သူ့နှလုံးသားကို အသာအယာ ထွေးပိုက်သည့်နှယ်။

Yī Shēng Yī Mèng [一生一梦]Where stories live. Discover now