အခန်း (၂၃) မတူညီခြင်း

185 32 24
                                    

[Unicode]

မျက်စိရှေ့မြင်နေရသည့်မြင်ကွင်းကြောင့် ယွင်ရှီးကြောင်အသွားရကာ နေရာမှာပဲ ရပ်နေမိတော့၏။

​သူက ဘယ်လိုလုပ်ပြီး ဒီမှာရှိနေရတာလဲ။

ထားတော့.. ယွင်ရှီးရဲ့အိမ်ကို စုံစမ်းနိုင်တာက သူ့အနေအထားနှင့်ဆိုလျှင် ခက်ခဲသည့်ကိစ္စမဟုတ်။

သို့သော် သူ့မိသားစုတစ်ခုလုံးနှင့် ရင်းရင်းနှီးနှီး စကားပြောနေသည့်အတိုင်းအတာကတော့ လွန်ပြီမဟုတ်လား။

ဧည့်ခန်း၏ ထိပ်ဆုံးထိုင်ခုံနေရာတွင် ပါးက ထိုင်နေပြီး ဆိုဖာ၏ တစ်ဖက်ခြမ်းတွင် ညီမငယ် ရှောင်းဝေ့က ထိုင်နေ၏။ ညီမငယ်နှင့် မျက်နှာချင်းဆိုင် ဆိုဖာတစ်ဖက်ခြမ်းတွင်မူ ချန်ဖေးယွီဆိုသည့် အနှီလူက မား၏လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားလျက် ပြုံးရွှင်စွာ စကားဆိုနေလေသည်။

သူတို့အားလုံး၏ အမူအရာတွေကို ကြည့်ရသည်က အခုမှသိကြသည့် သူစိမ်းလူတွေနှင့် နည်းနည်းမှတူမနေဘဲ ကာလကြာမြင့်စွာ အတူရှိခဲ့ကြသည့် တစ်အိမ်ထဲသားချင်းတွေပမာ ရင်းနှီးကျွမ်းဝင်လှသည်။

သူ အိမ်ရှေ့မှာရပ်နေရင်း အထဲကိုငေးကြည့်နေမိတာက အနည်းငယ်တော့ကြာသွားပုံရသည်။ ထိုသူက တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား ပြတင်းပေါက်အပြင်ကို တစ်ချက်လှမ်းကြည့်လာ၏။ ယွင်ရှီးကို မြင်သည့်အခါ သူ့အမူအရာတွေ တစ်ချက်တောင့်ခဲသွားပေမယ့် ချက်ချင်းပဲ ပုံမှန်ပြန်ဖြစ်သွားသည်။

ထို့နောက် သူက နေရာကထလိုက်ပြီး မားကို တစ်ခုခုလှည့်ပြောလိုက်သည့်အခါ သူမကလည်း ပြုံးပြကာ ခေါင်းညိတ်၏။ သူ့ခြေလှမ်းတွေက အိမ်အပြင်ဘက်ရှိ ယွင်ရှီးထံ ဦးတည်လာသည့်အချိန် တစ်ဖက်မှ ညီမငယ်ကလည်း သူ့နှင့် ခပ်လှမ်းလှမ်းကနေ လိုက်ပါလာသည်။

"ပြန်ရောက်လာပြီလား
ကိုယ်က မင်းကိုစောင့်နေတာ"

နှစ်လိုဖွယ်အပြုံးနှင့်အတူ တစ်ဆက်တည်းထွက်ပေါ်လာသည်က ကြိုဆိုသည့်နှုတ်ဆက်စကား။ သူက ယွင်ရှီးကို ခပ်ဖွဖွသိုင်းဖက်လိုက်သည်အထိ ယွင်ရှီး နေရာမှာပဲ ဆွံ့အလျက်ရှိနေတုန်းပင်။

Yī Shēng Yī Mèng [一生一梦]Where stories live. Discover now