အပိုင်း - ၂၆

6.3K 1K 81
                                    

အပိုင်း - ၂၆ ( သရုပ်ဆောင်မှုတစ်ခုပါပဲ )

{ ဘယ်ဘက်က ပိုပြီး လှည့်ဖျားနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့ }

စွေ့ခနဲ အပွေ့ခံလိုက်ရသော မုချင်းရှန်းမှာ အတော်ထိတ်လန့်သွား၏။

"ကျွန်တော့်ဘာသာကျွန်တော် လမ်းလျှောက်သွားလို့ရပါတယ်"

ရှန့်ယွင်ကျယ်က သူ့အား မြေပြင်ပေါ်ပြန်ချလိုက်ရင်း ရယ်လိုက်သည်။

"မင်းဘာသာမင်း ဒီနံရံကြီးကို ခုန်ကျော်လာမလို့လား"

"....."

မုချင်းရှန်း တိတ်ဆိတ်သွား၏။ သူ့ပုံစံမှာ နည်းနည်းတုံးအနေသည့်ဟန် ပေါက်သွားလေပြီဟုလည်း ထင်မိသည်။ တကယ်လည်း သူ ထိုသို့ မလုပ်နိုင်ပါချေ။

ရှန့်ယွင်ကျယ်က မုချင်းရှန်း၏ ကပိုကရိုဖြစ်သွားသော အင်္ကျီလည်ပင်းကို သေသပ်အောင် ပြန်လည်ပြုပြင်ပေးလိုက်သည်။

"ကျွန်တော်တို့ အောက်ဆင်းလာလို့ ရပြီလားဟင်"

နံရံပေါ် ဆောင့်ကြောင့်ထိုင်နေရင်း ဝမ်းလျိုနျဲန်မှ မေးမြန်းလာ၏။ ရှန့်ယွင်ကျယ်လည်း ထိုလက်ကို ပြန်လည်ရုတ်သိမ်းလိုက်ရသည်။

ကျောက်ဝူက ဝမ်းလျိုနျဲန်အား ကုန်းပိုးထားရင်း အောက်သို့ခုန်ဆင်းလာလိုက်သည်။ ထို့နောက် တစ်ဖွဲ့သားလုံးမှာ လမ်းသွယ်တစ်ခုမှတစ်ဆင့် လမ်းမကြီးပေါ် ပြန်တက်လာကာ ရုံးတော်သို့ ပြန်ဝင်လာခဲ့ကြသည်။

...

ဧည့်ခန်းထဲဝယ်။

မုဝန်လေမှာ မျက်လွှာတစ်ဝက်မျှသာ ဖွင့်ထားကာ တရားဘာဝနာစီးဖြန်းနေသော ရဟန်းအိုကြီးတစ်ယောက်ပမာ ဖြစ်နေသည်။ လွန်စွာမှ ပင် ပျင်းရိငြီးငွေ့နေပြီဖြစ်ကြောင်းလည်း သိသာလှ၏။ မုဝန့်ရှုန်ကမူ ဒေါသအိုးပေါက်ကွဲနေပြီဖြစ်ကာ ဗြောက်အိုး​တစ်ပုံးမျှ မျိုချစားသုံးထားရသည့်ပုံပင်။ ယွင်နန်မှသည် ဆန်းမန်မြို့သို့ လာရသောခရီးလမ်းမှာ တောင်ကုန်းတောင်တန်းထူထပ်လှကာ မြေပြန့်ခရီးများလို ခရီးလမ်းချောမွေ့ဖြန့်ဖြူးခြင်းမရှိ။ ထိုသို့သောခရီးလမ်းကို နေ့ညမပြတ်လျှောက်လှမ်းလာရသည်မှာ အင်မတန်မှ မောပန်းလှစေသည်။ နောက်ဆုံး ဤမြို့သို့ရောက်လာခဲ့သောအခါ အစာတစ်နပ်ပင် မစားအားသေးဘဲ မြို့စားမင်းဆီ ရောက်လာခဲ့ကြကာ ယခုထက်ထိတိုင် စိတ်မပါလက်မပါ ငြီးငွေ့စွာ ထိုင်စောင့်နေရသည်။ အမောပြေရာပြေကြောင်းမရှိသလို အစားအသောက်လည်းမကျွေးပါ။ အစားအသောက်ကို မဆိုထားဘိ၊ လက်ဖက်ရည်တောင်မျှ ဘာကြောင့်များ ထပ်လာမဖြည့်ပေးသနည်း။

ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]Where stories live. Discover now