Ch 50

179K 11.4K 1.2K
                                    

Unicode

တိတ်ဆိတ်နေသည့် ကားပါကင်၀န်းထဲ ဟိန်းကနဲထွက်လာသည့် ပဲ့တင်သံနောက် သူရိန့်လှုပ်ရှားမှုတို့သည် အကုန်ရပ်ရသလို မင်းမာန် ကိုယ်တိုင်လည်း ဆတ်ကနဲ မတ်လိုက်မိသည်။ သပ်ရပ်စွာထွက်လာသည့် ရှူးဖိနပ်သံ တစ်လှမ်းချင်း၏ ဦးတည်ရာကိုလှမ်းကြည့်မိတော့ အလိုမကျစွာတွန့်ချိုးလာသည့်မျက်ခုံးတန်းခပ်နက်နက်များနှင့် ဆရာ့အကြည့်က မင်းမာန်ဆီတွင်ဖြစ်၏ ထို့ကြောင့်မင်းမာန်မျက်လွှာချလိုက်မိသည်။ ခုနကအော်ဟစ်ရုန်းကန်နေတာသူမဟုတ်သလို ငြိမ်ကျသွားသည့် သူရိန်ကတော့ ဆရာ့ကိုမျက်လုံးအ၀ိုင်းသားနှင့်လိုက်ကြည့်နေ၏

"သူရိန် တစ်ယောက်ကိုတောင် မင်းသေချာ မထိန်းသိမ်း နိုင်ဘူးလား မင်းမာန်"

"တောင်း..ပန် ပါတယ် ...ဆရာ"

ပုံမှန်ထက်ပိုဒေါသထွက်နေပုံရသည့် ဆရာကြောင့် မင်းမာန် ခေါင်းငုံ့ချကာ တောင်းပန်ရုံမှလွဲ မတတ်နိုင်။ ကျိန်းသေသည်က ဆရာပင်ပန်းလာလိမ့်မည်။ သေချာကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုတာသိပေမယ့် စိတ်ပူရသည်ကြောင့် ဘေးမသီရန်မခစွာ ပြန်ရောက်လာသည်​ကိုပဲ မင်းမာန် သက်ပြင်းခိုးရှိုက်ရသည်။

"သူရိန့် Presentation အလှည့်ဘယ်အချိန်လဲ"

"နောက် ၁၀ မိနစ်ဆို သူရိန့်အလှည့်ပါဆရာ"

"မင်းအပေါ်တက်နှင့်"

"ဟုတ်ကဲ့"

မင်းမာန် ဦးညွှတ်ကာ လှည့်ထွက်သွားမှ ဝေလင်းရှိန် အရှေ့မှ ကောင်လေးဆီအကြည့်ပို့လိုက်သည်။ မင်းမာန်ရှိတုန်းက လက်သီးလေးနှစ်ဖက်ဆုပ်ကာ တင်းခံထားသည့်ကောင်လေးသည် မင်းမာန် ခြေသံပျောက်သွားသည်နှင့် ချက်ချင်းမျက်ရည်ဝေ့လာတော့၏ နွေဦး၀သုန်၏ သူရိန့်အပေါ် သိက္ခာမဲ့ အကြံအစည်တို့ပါ၀င်သည့်စကားကိုကြားလိုက်ရကတည်းကတငွေ့ငွေ့တောက်လောင်နေသည့်ဒေါသတို့သည် ကားပါကင်ထဲ ရုန်းရင်းဆန်ခတ်အခြေအနေကို ကိုပါထပ်တွေ့လိုက်ရသည့်အခါ ဝေလင်းရှိန်ဒေါသတို့ကို မီးစာတစ်ခုထပ်ထည့်လိုက်သလို ဖြစ်ရသည်။ ကိုယ်တိုင်ပင် ငြိမ်းသက်ရန် ခဲယဥ်းလွန်းသည့် ဒေါသတို့သည် ဒီကောင်လေး၏ ပါးပြင်ပေါ်တလှိမ့်လှိမ့်ကျဆင်းလာသည့်မျက်ရည်များအောက် တဖြည်းဖြည်းအရှိန်လျော့ဖို့ကြိုးစားရတော့၏ ၀မ်းနည်းနေပုံရသည့်ကောင်လေးကြောင့် ဝေလင်းရှိန် လေပူတစ်ချက်မှုတ်ထုတ်ကာ လေသံလျှော့ရသည်။

သက်ဆိုင်သူ (Unicode+Zawgyi)Donde viven las historias. Descúbrelo ahora