Unicode
ကျွန်တော်က စာဖတ်နေရတာကို သဘောကျတယ်။
နောက်ပြီး တွေးမိတာတွေကို စာတို ဒါမှမဟုတ် ဝတ္ထုတိုလေးတွေလောက် ရေးဖြစ်တယ်။ အောင်မြင်နေတဲ့ စာရေးသူတော့ မဟုတ်ပေမယ့် အားပေးတဲ့သူတွေ ရှိပါတယ်။ တစ်နေ့ social media သုံးနေရင်း friend request တစ်ခုတက်လာတယ်။ ကျွန်တော်က သိသိမသိသိ ချက်ချင်းလက်ခံတတ်တဲ့အကျင့်ရှိတော့ accept လိုက်တယ်။ မကြာပါဘူး သူ့ရဲ့ status တစ်ခုတက်လာတယ် 'ကိုကြီး နေမကောင်းနေဘူး ဘာဆေးသောက်ရမလဲ ညွှန်းပေးကြပါဦး ကလေးတို့'ဆိုပြီး ရေးတင်ထားတယ်။ မိနစ်ပိုင်းအတွင်းမှာ comment တွေက ပလူပျံတက်လာတယ်။အများစုက မိန်းကလေးတွေ 'ကိုကြီး ဂရုစိုက်နော် ညီမလေးအချစ်တွေနဲ့ ကုပေးမယ်လေ' ဆိုပြီး မန့်ထားတာတွေ တွေ့တော့ စိတ်ထဲမှာ တစ်မျိုးကြီးဘဲ။ သူ့ကိုယ်သူ ကိုကြီးတဲ့ အခုခေတ်စားနေတဲ့ post တွေလည်း အဲ့လိုတွေဘဲလေ မန့်တွေကို ဖတ်ရင်း သိလိုက်တယ်။ ဒီလူကြီးက ကောင်မလေးတွေရဲ့ အချစ်ခံလေးဆိုတာ နည်းနည်းတော့ မနာလိုဖြစ်မိတယ်။
__________________________________တစ်ရက် ကျွန်တော်က "မျက်နှာများတဲ့မောင် သီချင်းကို အခုတစ်လော အရမ်းကြိုက်နေမိတယ်"ဆိုပြီး status တင်မိတယ်။ ကျွန်တော်လည်း တင်ပြီးတာနဲ့ new feed မှာ ပွဲတွေရှိလိုရှိငြားရှာမိတော့ ဟိုလူကြီးရဲ့ status တစ်ခုကို ဖတ်မိတာပေါ့။
ရေးထားတာက 'မောင်တွေက မျက်နှာများပေမယ့် ကိုကြီးက မျက်နှာမများပါဘူးဗျ'ဆိုပြီး ရေးထားတာ တင်ထားတဲ့အချိန်ကို ကြည့်တော့ မိနစ်ပိုင်းဘဲ ရှိသေးတာ ကျွန်တော်တင်ထားထက် နောက်ကျတယ်။ 'ငါ့ကိုများ ရည်ရွယ်ပြီး တင်တာလား' ဆိုပြီး အတွေးဝင်မိပေမယ့် 'ငါ့ကိုရည်ရွယ်တင်ရအောင် သူက ငါ့ကိုတောင် သိမှမသိတာ' ဆိုပြီး အတွေးတွေနဲ့ မရေရာသော ခံစားချက်တစ်ခု။
သေချာတာတစ်ခုကတော့ အဲ့နေ့ကစပြီး ကျွန်တော် လူတစ်ယောက်ကြောင့် ရင်ခုန်မိပြီ။ အဲ့လူကလည်း ကျွန်တော် မျက်နှာတောင် မမြင်ဖူး နာမည်တောင် မသိတဲ့သူ အဲ့လူကြီးကို ကောင်မလေးတွေနဲ့အပြိုင် ကျွန်တော်ပါ သူ့ကို စိတ်ဝင်စားလာမိပြီ။