""နှစ်ကိုယ်ကြင်တဲ့ အကိုလင်ရဲ့
ပျိုခင်နွဲ့ ကြိုတဲ့လေးနာရီ
ထိုးပြီ ထိုးပြီ လာပါတော့၊
အခါခါမော့ မာလောဖော့
မျှော်ပေါ့လေးနာရီ ထိုးပြီ ထိုးပြီ ။
မောင့်နေစဉ်နေ့တိုင်း ပြန်လာမယ့်လမ်းဆီ
မှန်းစလို့ အခါခါတွေး အစဉ်ငေးရသည်။
မောင်ရောက်ချိန်နီးပါပြီမောင်ရောက်ချိန်နီးပါပြီ"
ခြံဝန်းထဲသို့ကားလေးတစ်စီးဝင်လာခဲ့သည်။ခြံဝန်းထဲသို့ ဝင်လာချိန်တွင် ကြားလိုက်ရတဲ့ သီချင်းလေးတစ်ပုဒ်ကြောင့် ကိုကိုမောင် တစ်ယောက် မျက်ခုံးတွန့်လိုက်မိသည်။ထို့ကြောင့် သူ့ရှေ့ကကောင်လေးကို
"သည် သီချင်းကိုဘယ်သူဖွင့်နေတာလဲ?"
တင်မောင်ဝင်းက ပြုံးရယ်ကာ
"အကိုရောင်နီက များသောအားဖြင့်သည်သီချင်းကို အမြဲဖွင့်နားထောင်လေ့ရှိတယ်ဗျ....."
ကိုမောင်ဘာမှပင်မပြောတော့။ရောင်နီဆည်းဆာဆိုတဲ့ ကောင်ငယ်လေးကတကယ်ပဲ ဘယ်လိုလူမျိုးဆိုတာကိုသူမခန့်မှန်းတတ်တော့။
ဧည့်ခန်းကျယ်ကြီးထဲသို့ ကြီးချိုက လျင်မြန်စွာပြေးဝင်လာသည်။ပြီးနောက် ရောင်နီအနားသို့သွားကာ
"သားရောင်နီ မြို့အုပ်ပြန်လာပြီ....."
ရောင်နီတစ်ယောက် ဧည့်ခန်းတောင့်နားက တိုင်ကပ်နာရီကိုကြည့်တော့ လေးနာရီနဲ့ ၁၅ မိနစ်ပင်ဖြစ်နေပြီဖြစ်သည်။ဒီတော့ သူ့ဘေးနားက ဓါတ်ပြားစက်ကိုပိတ်လိုက်သည်။ပြီးနောက် အိမ်ရှေ့တွင် မတ်တပ်ကလေးရပ်ကာဝင်လာသည့်ကားလေးကို ကြည့်နေမိသည်။
ကားပေါ်က ဆင်းလာသည့်ကိုမောင်မှာ အရင်တုန်းကလို ကြည်ကြည်လင်လင်မရှိတာကြောင့်ရောင်နီက ကိုမောင်နားသို့သွားလျက် သူ့လက်ထဲက တိုက်ပုံကိုယူလိုက်သည်။
ကိုမောင်က ဘာမှပင်မပြော ရောင်နီကို ဒီတိုင်းကြည့်ရုံပဲကြည့်သွားပြီးနောက် အပေါ်ထပ်သို့တက်သွားခဲ့သည်။