Uni
မျက်စိရှေ့ကချစ်စဖွယ်ကောင်လေးကို အလိုမကျမှုတွေပြည့်နှက်နေတဲ့မျက်နှာဖြင့် ဟီဆွန်းရှုကြည့်နေမိသည်။
ဂျယ်ယွန်းဆိုသောကောင်လေးငယ်ကို အပြစ်မြင်နေမိတာ သူတစ်ယောက်တည်းလား။ အိမ်ရှိလူအကုန်ကတော့ ထိုကောင်လေးရဲ့သနားကမားမျက်နှာလေးကို ကရုဏာသက်နေပေမယ့် ဟီဆွန်းကထိုထဲမပါ။
"ကလေးမွေးစားချင်ရင် ငယ်ငယ်ရွယ်ရွယ်လေးတွေတစ်ပုံကြီးလေ။ ဘာလို့ဒီအရွယ်ကို ခေါ်မွေးရတာလဲ။"
အရာအားလုံးအဆင်ပြေချောမွေ့နေကာကြမှ ဟီဆွန်းက အပြစ်ပြောလေတော့ ကျန်လူများမှာမျက်နှာပျက်ရသည်။ အထူးသဖြင့်တော့ ချစ်စဖွယ်ကောင်လေးရှင်းမ်ဂျယ်ယွန်းပေါ့။ စိတ်မကောင်းဖြစ်ချင်နေပေမယ့် နာကျင်မှုကို ကြိုးစားပြီးဖုံးကွယ်နေရသလိုလို၊ ဒဏ်ရာတွေနဲ့နေသားကျနေသလိုလို အရိုးခံမျက်နှာလေးလုပ်ပြနေလိုက်တာ။
တခြားသူတွေက တုံးအလို့ရှင်းမ်ဂျယ်ယွန်းရဲ့ သနားစရာမျက်ဝန်းလေးတွေထဲ နစ်မွန်းသွားလားမသိပေမယ့် အဲ့ထဲတော့ဟီဆွန်းမပါပါချေ။
ဂျယ်ယွန်းဆိုသောကောင်လေးက အရွယ်နဲ့မလိုက်အောင် မာယာကြွယ်ပေမယ့် အဲ့မာယာတွေကသူ့ဆီကိုတော့တိုးမပေါက်။ ဒါကိုမသိတဲ့ ထိုမိဘမဲ့လေးကသူနဲ့ ကစားချင်နေသည်ထင်။ အတော်လေးရယ်ရသည်ဘဲ။
"ဒီကိစ္စနဲ့ပတ်သတ်ပြီး ဆွေးနွေးပြီးသားလေ ဟီဆွန်းရဲ့။ ဘာလို့ဖောက်လာတာလဲ။"
ဟီဆွန်းရဲ့အစ်မလုပ်သူ တစ်နည်းမဟုတ် မကြာခင်မှာဂျယ်ယွန်းရဲ့အမေဖြစ်လာမယ့် ဂျောင်ဟီးက အခြေအနေကို တည်ငြိမ်အောင်ဝင်ပြောသည်။
တစ်အိမ်လုံးမှာမှ ဟီဆွန်းတို့မောင်နှမနှစ်ယောက်ရယ်၊ ဂျောင်ဟီးအမျိုးသား ဆောဟူရယ်၊ ပြီးတော့ဆောဟူအမေရယ် အိမ်သားလေးယောက်ရှိပြီး ထိုလေးယောက်အနက် သုံးယောက်ကသဘောတူထားတဲ့ကိစ္စကို ဟီဆွန်းတစ်ယောက်တည်းကသာ ကန့်လန့်တိုက်နေခြင်း။