ရှာတွေ့တယ် ပြီးရင်ပျောက်ဆုံးသွားမယ်
ဒါက လောကသဘာဝပဲ
မှောင်ရိပ်ကျနေတဲ့ နေရာကျဥ်းလေးမှာ သူအမြဲရှိတယ်။ မိုးရွာတဲ့အချိန် နေပူနေတဲ့အချိန် ဒီလိုအချိန်တွေတိုင်းမှာ သူက အဲဒီ့နေရာလေးမှာပဲ။ ကိုယ့်အခေါ်ဆို ထောင့်ချိုးပိုင်းလေးတစ်ဖြတ်ပေါ့။ မိုးအုံ့လာလို့ မိုးချုန်းသံတွေကိုရှောင်ပြေးချင်လာတဲ့ အခါမျိုးဆို သူက ခပ်မှိန်မှိန်လေး မီးခိုရောင်သမ်းလာတယ်။ သူအမုန်းဆုံးက အဖြူရောင်တဲ့။ကိုယ့်ကိုလည်း မဖြူစေချင်ဘူး တဲ့။
အရောင်ဆိုးရလွယ်တဲ့ ပန်းလေးတွေဟာ ပိုပြီးကြွေလွယ်တဲ့အကြောင်းကို မိုးခြိမ်းသံတွေနဲ့အပြိုင် ခပ်တိုးတိုးလေး ပြောပြနေတတ်တယ်။ ပြီးတော့ ပြောသေးတယ်။ အဖြူရောင်မို့လို့ အရောင်မျိုးစုံလာတင်ကြတဲ့အခါမှာ အမည်းရောင် မဟုတ်တဲ့ အရောင်ညစ်ကြီးဖြစ်သွားရောတဲ့။သူအကြိုက်ဆုံးကတော့ ဗလာရောင်ဖြစ်ပြီးတော့ ဘာအရောင်လာတင်တင် ဘာအရောင်မှ ထွက်မလာတဲ့အတွက် ကံကောင်းစေတယ်ဆိုပဲ။ ကိုယ်ဖြင့် ရယ်လိုက်ရသေးတယ်။ အဲဒီလို ပေါက်ကရလေး တွေလည်း ပြောတတ်သေးတာ။
သစ်ရွက်လေးတွေလှုပ်ခါပြီး ရယ်ချင်လာတဲ့အချိန်မှာ ကိုယ်သူ့ကိုမေးဖူးတယ်။ ချစ်ခြင်းမေတ္တာက ဘာအရောင်လဲလို့လေ။ သူမဖြေချင်ဘူး။ မဟုတ်ဘူး သူမဖြေခဲ့ပါဘူး။ သူနှစ်သက်တဲ့ ဗလာရောင်ကို ခြုံပြီး အိပ်ချင်ယောင်ဆောင်နေခဲ့တယ်။ အဲဒီ့အချိန်ကနေစပြီး ချစ်ခြင်းမေတ္တာအကြောင်း မေ့ပစ်ပြီး တတ်နိုင်သလောက် အဆင်ပြေအောင်နေခဲ့တယ်။
အခုလိုမိုးခြိမ်းရာသီတွေမှာ ကော်ဖီပူတွေအကြောင်း နွေးထွေးတဲ့အရသာကို သူ့ကိုလည်း ခံစားတတ်စေချင်မိတယ်။ မှောင်မဲနေတဲ့ နေရာလေးမှာ ဗလာရောင်ခြုံပြီး နေရတာ မအေးဘူးလားလို့ပေါ့။ သူကပြောတယ် မတန်ဘူးတဲ့။ ဒီစကားလုံးလေးသုံးလုံးနဲ့ သူ့ကို နားလည်လိုက်တယ်။ မိုးခြိမ်းသံတွေကိုရှောင်ချင်လာတဲ့အခါ ကိုယ်သူ့အနား ရောက်နေသလိုမျိုးပေါ့။
ဒီလိုပါပဲ။ ခဏပဲဖြစ်ဖြစ် ကိုယ်ရှိနေတဲ့အချိန်လေးမှာတော့ ဒီတိုင်းလေးပဲ အပျင်းပြေစေချင်တယ်။ ဘာချုပ်နှောင်ကြိုးတွေမှ ပါမနေတဲ့ ပေါ့ပါးတဲ့ လိပ်ပြာလေးတစ်ကောင်အနေနဲ့ သူ့အနားမှာနေချင်တယ်။ သူသဘောမကျတဲ့ အရောင်တွေနဲ့ ကိုယ့်ကို ဘာလို့လက်ခံလဲဆိုတာ မမေးချင်ဘူး။ကိုယ်လိုအပ်တာ ဆင်ခြင်တွေမဟုတ်ဘဲ မိုးခြိမ်းသံတွေ ဝေးရာမှာ ခဏတာ တိတ်ဆိတ်မှုလေးပဲ။ ငေးကြည့်နေရုံလေးပဲ။
YOU ARE READING
Fairytales at 94 corner
Non-Fictionthe tales of a fairy and the secret of the corner become a mysterious story... You will feel the whispers of this little fairy and the corner named by 94. just follow your heart...