ဘယ်တော့မှပေါ့ 'ကြယ်' (Unicode)

89 8 2
                                    

ဖန်တစ်ရာထပ်နေအောင်လျှောက်ခဲ့ဖူးတဲ့ အင်းလျားကန်ဘောင်က လမ်းကျဉ်းကျဉ်းလေးပေါ်ကို နှစ်နှစ်ကျော်အကြာမှ သူခြေထပ်ချဖြစ်သည် ။ အရင်ကတော့ ခြေလှမ်းနှစ်စုံက အတူတကွပေါ့ ။

ဟင်း... အခုများတော့ ။

ဆောင်းဦးရဲ့ညလေပြေက ပြင်ပခန္တာကိုယ်သာမက စိတ်နှလုံးအတွင်းထဲထိ အေးချမ်းစေ၏ ။ ကန်ရေပြင်မှာထင်ဟပ်နေတဲ့ ဝိုးတိုးဝါးတားမီးရောင်လဲ့လဲ့တွေက ညရဲ့အလှကို တစ်မျိုးတစ်ဖုံဆောင်ကျဉ်းပေးသည် ။ အေးချမ်းသာယာတဲ့နိုဝင်ဘာညတစ်ည အတိအကျပြောရရင် နောက်သုံးနာရီလောက်ဆိုရင် ကူးပြောင်းတော့မယ့် ဒီဇင်ဘာလရဲ့အစ.. လှပတဲ့ညချမ်းလေးမှာ ချစ်သူစုံတွဲလေးတွေက ဟိုတစ်စဒီတစ်စပင် ။

ဒီလိုအတွဲလေးတွေကြားထဲမှာ တစ်ချိန်တစ်ခါက သူအပါအဝင်ဖြစ်ခဲ့ဖူးတာကို နာနာကျင်ကျင်တွေးရင်း တစ်ချက်ပြုံးမိရသည် ။ အထူးသဖြင့် ဒီလိုလကုန်ရက်တွေမှာဆိုရင်ပေါ့ ။

..........................................................

" ဒီနေ့လကုန်ပြီနော် ကြယ်.. ကြယ်ဘာစားချင်လဲ ဟော့ပေါ့သောက်ချင်လား "

ကျွန်တော့နာမည် 'မိုးသောက်ကြယ်'ရဲ့ 'ကြယ်'တစ်လုံးတည်းကို အထူးပြုပြီးခေါ်တဲ့လူဆိုလို့ သူတစ်ယောက်ပင်ရှိ၏ ။

" အမ်း..... မသောက်ချင်ပါဘူးကိုရာ ပိုက်ဆံကုန်တယ် ကိုကသောက်ချင်လို့လား "

" ကိုယ်ကအရေးမှမကြီးပဲ ကြယ်ရဲ့.. အရေးကြီးတာက ဘီယာပါ "

" ကိုနော် ! ဇာတ်လမ်းကစလာပြီ "

" လကုန်ရက်လေးပါပဲကြယ်ရာ.. ကြယ့်ရှေ့မှာပဲ ကိုယ်သောက်တာပါ တခြားအချိန်တွေဆိုအနံ့တောင်မခံမိဘူး တကယ်ဘုရားစူး ! "

" ဟုတ်ပါပြီဟုတ်ပါပြီ.. အပြောကတော့ရွှေမန်း ၊ အဲ့တာဆို မုန့်တစ်ခုခုဝယ်ပြီးတော့ပဲ ကန်ဘောင်မှာထိုင်သောက်လိုက်လေ ငါကမုန့်စားရင်းဘေးကစောင့်မယ် "

ကျွန်တော့ထက်တစ်နှစ်တိတိကြီးတဲ့ 'နေသူရိန်မင်း'ဆိုတဲ့ကိုက သူ့ကိုစကားပြောရင် ကျွန်တော်ကိုယ့်ကိုယ်ကို 'ငါ'လို့သုံးတာကို တစ်စက်ကလေးမှမကြိုက်ပေ.. ။ 'နေ'နဲ့'ကြယ်'ဆိုပြီး နာမည်တွေကအစဆန့်ကျင်ဖက်ဖြစ်နေတဲ့ ကျွန်တော်တို့နှစ်ယောက်က အကျင့်စရိုက်တွေအထိ နည်းနည်းလေးမှဆင်တူတဲ့နေရာမရှိခဲ့.. ။

ဘယ်တော့မှပေါ့ 'ကြယ်'Where stories live. Discover now