မနက်ခင်းနေရောင်က ဘေးမှာကိုယ်စီအိပ်မောကျနေတဲ့ အမျိုးသားဖြစ်သူရယ် သားဖြစ်သူတို့နှင့်အပြိုင် နွေးထွေးလျက်ရှိသည်။ ရိပေါ်က သူ့ညာဘက်မှာအိပ်နေကြဆဲဖြစ်သည့် သားအဖနှစ်ယောက်ကို တစ်စောင်းလှဲလို့ပြုံးလျက်စိုက်ကြည့်မိတယ်။ သူ့ဘဝရဲ့ အမောပြေဆေးလေးတွေ။ မရှိမဖြစ်လေးတွေ။ ဘုရားပေးတဲ့ဆုလာဘ်လေးတွေ။ ရင်ထဲပိတိအဟုန်က ဘာနှင့်မှခိုင်းနှိုင်းလို့မရဘူး။
၇နှစ်မပြည့်သေးတဲ့ စော်အောကို အခန်းခွဲသိပ်မပေးချင်တဲ့ရှောင်းကျန့်ရဲ့သဘောကို ရိပေါ်ကမငြင်းဆန်ခဲ့ပါ။ သူများတွေဆီမှာတော့ ကလေးတွေကိုအခန်းခွဲသိပ်ကြတာမျိုး ရှိတာသူတို့မြင်ဖူးပေမဲ့ ရှောင်းကျန့်ကတော့ သူ့သားကိုအခန်းမခွဲချင်ပါဘူးတဲ့။ စော်အောကငယ်သေးသည့်အတွက် ညရေးညတာဖျားနာမှု သို့မဟုတ် တစ်ခုခုသောအကြောင်းအရာတွေများရှိခဲ့ရင် သူတို့မသိလိုက်ဘဲဖြစ်သွားမှာမျိုး သူကစိုးရိမ်တာကြောင့်ပင်။
ထို့ကြောင့်ပင် စော်အောက သူတို့နှစ်ယောက်ကြားထဲ အနွေးဓာတ်လေးဖြစ်ပေးခဲ့တာ တစ်နှစ်နီးပါးပင်ရှိခဲ့ပြီပဲဖြစ်သည်။
နှုတ်ခမ်းမွှေးရေးရေးလေးပေါက်နေပြီဖြစ်တဲ့ ရှောင်းကျန့်ဆီက အသက်ရှုလို့ထွက်လာသည့် လေငွေ့နွေးနွေးရသည်အထိ ရိပေါ်တိုးကပ်သွားရင်း မှဲ့နှက်လေးရှိရာ အနမ်းဖွဖွပေးပြီးမှ သူအိပ်ရာပေါ်ကထဖြစ်သည်။ သားအဖနှစ်ယောက်ကတော့ အိပ်လို့ကောင်းနေဆဲ။
ရေချိုးခန်းထဲဝင် bathrobe လဲပြီး သွားတိုက်မျက်နှာသစ်ခြင်းပြီးစီးသွားသည့်ရိပေါ်က ကုတင်ပေါ်ကသားအဖနှစ်ယောက်အတွက် သွားတိုက်တံအဆင်သင့်ထည့်ထားပြီးကာမှ ကုတင်ရှိရာဆီတစ်ဖန်လျှောက်လာခဲ့သည်။
" ပေါင်ပေါင်း "
ရှောင်းကျန့်နားထဲလေတိုးတိုးမှုတ်ထုတ်လိုက်တော့ ယားသွားပုံရသည့်ရှောင်းကျန့်က မျက်လုံးလေးတစ်ဖက်ဖွင့်ကာကြည့်လာတယ်။
" နိုးပြီဆိုထပါလား ၊ ကိုယ် ပေါင်ပေါင်းကို shaving လုပ်ပေးမယ် "
နှုတ်ခမ်းမွှေးရေးရေးလေးကို ထောက်ပြကာပြောတော့ ရှောင်းကျန့်ကခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြလို့ သဘောတူတယ်။ ပြီးတော့ လက်နှစ်ဖက်ဆန့်တန်းပေးတော့တာပဲ။ သူ့ကိုချီပါပေါ့လေ။ ရိပေါ်က မကြိုက်ရှာဘူးဆိုတော့ ပေါင်ပေါင်းကသူ့ကိုချွှဲနေပါရော။